နေပြည်တော် ဧပြီ ၂၇
ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကော်မတီ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြည်ပသို့ မြန်မာအလုပ်သမားစေလွှတ်ခြင်း လုပ်ငန်းစဉ်တွင် လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှုဖြစ်စေရေးနှင့် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ လိုအပ်သလို ပြန်လည်သုံးသပ်ခြင်း၊ ပေါင်းစပ် ညှိနှိုင်းခြင်းနှင့် ကြီးကြပ်ခြင်းတို့ဆောင်ရွက်နိုင်ရန် ဤကော် မတီကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏(၁-၄-၂၀၂၁) ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ် (၈၇/၂၀၂၁)ဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီကို အဖွဲ့ဝင်(၁၈)ဦးဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ရာ ကော်မတီဝင်များအနေဖြင့် ကော်မတီ၏လုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး မိမိတို့ကဏ္ဍအလိုက် ပေါင်းစပ်ဆောင်ရွက်ပေးကြစေလိုပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ၁၉၉၉ ခုနှစ်၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေအရပြည်ပ အလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ ခွင့်ပြု၍ ပြည်ပနိုင်ငံများသို့ အလုပ်သမားများ စေလွှတ် ခွင့်ပြုပေးလျက်ရှိရာ လက်ရှိတွင် ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ယူအေအီး၊ ကာတာ၊ မကာအို၊ ဂျော်ဒန်နိုင်ငံများသို့အများဆုံးသွားရောက် အလုပ်လုပ်ကိုင်လျက်ရှိကြပြီး ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်၊ မတ်လအထိ (၁၃၂၀၉၁၄) ဦး ပြည်ပ နိုင်ငံများသို့ စေလွှတ်ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်ပသို့ အလုပ် သမားစေလွှတ်ရေးလုပ်ငန်းစဉ်များကို ၂၀၂၀ ပြည့်နှစ် မတ် ၁၈ ရက်မှစ၍ ရပ်ဆိုင်းထားခဲ့သော်လည်း ပြည်ပနိုင်ငံများ၏ အလုပ်သမား ခေါ်ယူလိုမှု အခြေအနေအရ ကိုဗစ်-၁၉ ကာလအတွင်း ဂျပန်နိုင်ငံသို့ (၄၁၆၉)ဦးနှင့် ကိုရီးယားနိုင်ငံသို့ (၂၂၅)ဦး စေလွှတ်ခွင့်ပြုခဲ့ပါကြောင်း။
ထို့ပြင် စင်ကာပူနိုင်ငံကလည်း အလုပ်သမားခေါ်ယူလိုကြောင်း Demand Letter များ ပေးပို့ ကမ်းလှမ်းလာသည့်အတွက် ၂၀၂၁ ခုနှစ် ဧပြီ ၁၁ ရက်တွင် အလုပ်သမား(၂၅)ဦးကို စည်းမျဉ်း စည်းကမ်းများနှင့်အညီ စေလွှတ်ခွင့်ပြုခဲ့ပါကြောင်း၊ ပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင်ဆိုင်ရာ လမ်းညွှန် သင်တန်းကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၉ ရက်မှစ၍ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကုန်)နှင့် (မန္တလေး)တို့၌ အခမဲ့ ဖွင့်လှစ်၍ သက်ဆိုင်ရာ နိုင်ငံများနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အချက်အလက်များ၊ အလုပ် သမားရေးရာဥပဒေများနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ပြည်ပတွင်အလုပ်လုပ်ကိုင် မှုနှင့်ပတ်သက်၍ အသိပညာပေးခြင်းစသည်တို့ကို သင်ကြားပို့ချပေးလျက်ရှိရာ ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက်မှစ၍ ယင်းလမ်းညွှန် သင်တန်းဖွင့်လှစ်ခြင်းကို ယာယီရပ်ဆိုင်းထားခဲ့ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝဆောင်ရွက်နိုင်ရန်၊ အမှန်တကယ်လုပ်ငန်းကို စိတ်ဝင် စားပြီး ထိရောက် အကျိုးရှိစွာလုပ်ဆောင်သည့် အေဂျင်စီများဖြစ်လာစေရန်၊ အမည်ခံဆောင်ရွက်သည့် အေဂျင်စီများ လျော့နည်းသွားစေရန်တို့အတွက် လိုင်စင်အာမခံကြေးကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၄ ရက်မှစတင်၍ ယခင် ငွေကျပ်သိန်း (၅၀) အစား ကျပ်သိန်း (၂၅၀) သို့ တိုးမြှင့်သတ်မှတ် ဆောင်ရွက် ခဲ့ပါကြောင်း၊ မလေးရှား နိုင်ငံထိန်းသိမ်းရေးစခန်း(၁၃)ခုသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား (၁၀၈၆)ဦးတို့အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(၃)စီးဖြင့် မလေးရှားနိုင်ငံ လူမွတ် (Lumut) ရေတပ်ဆိပ်ကမ်း မှလည်းကောင်း၊ အိန္ဒိယနိုင်ငံရောက် မြန်မာ နိုင်ငံသား(၇၀) ကို မတ် ၁၀ ရက်တွင် တပ်မတော် (ရေ)မှ စစ်ရေယာဉ်ဖြင့်လည်းကောင်း ပြန်လည် ခေါ်ဆောင်ခဲ့ရာ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် အဆိုပါရေယာဉ်များဖြင့်လိုက်ပါ၍ လိုအပ် သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါကြောင်း။
ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနက် ပြည်ဝင်ခွင့်ဗီဇာ သက်တမ်း(၄)နှစ်ပြည့်ပြီးသည့် အလုပ်သမားများကို မြန်မာနိုင်ငံသို့ ပြန်ရန်မလိုဘဲ ထိုင်းနိုင်ငံအတွင်း၌ သက်တမ်း(၅)နှစ်ရှိသည့် သာမန်မြန်မာနိုင်ငံကူး လက်မှတ်အသစ်ထုတ်ပေးပြီး သက်တမ်းတိုးလုပ်ငန်းစဉ် ဆောင်ရွက်နိုင်ရေးနှင့် မည်သူ မည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity – CI) ကိုင်ဆောင်သူများ အား CI သက်တမ်းတိုးခြင်းနှင့် ပြည်ပ အလုပ်အကိုင်အလုပ်သမားသက်သေခံကတ်ပြား (OWIC) ထုတ်ပေးရေးစခန်း(၅)ခု ဖွင့်လှစ်နိုင်ရေး တို့အတွက် နှစ်နိုင်ငံအစိုးရအကြား ညှိနှိုင်းစီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ “မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ် သမားရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်းအစည်းအဝေး”ကို ဧပြီလကုန်တွင် Virtual ဖြင့်ကျင်းပရန် လျာထားဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုအစည်းအဝေး တွင်ပြည်ပသို့ သွားရောက် အလုပ်လုပ် ကြမည့် မြန်မာအလုပ်သမားများအတွက် ကောင်းမွန်သော အကြံကောင်းဉာဏ်ကောင်းများဖြင့် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးအကြံပြုပေးစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ကော်မတီပြင်ဆင်ဖွဲ့စည်းမှုအခြေအနေနှင့် လုပ်ငန်းတာဝန်များ ကိုလည်းကောင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရငွေ၊ သုံးငွေ၊ လက်ကျန်ငွေ စာရင်းရှင်းတမ်းတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ကော်မတီဝင်များက ကော်မတီ၏လုပ်ငန်းတာဝန်များ အောင်မြင် ရေးနှင့် ပြည်ပတွင်အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများ အလုပ်အကိုင် အခွင့်အလမ်း အဆင်ပြေစေရေးတို့အတွက် ဝန်ကြီးဌာနအလိုက် ပေါင်းစပ်ဆောင်ရွက် သွားမည့် အစီအစဉ်များ၊ လုပ်ငန်းဆိုင်ရာ အကြံပြုချက်များကို အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်ပရောက် မြန်မာအလုပ်သမားများ အကျိုးအတွက် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အားလုံးကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)