Skip to main content

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ ကျည်တောင်ကန်ဘူတာနှင့် ဖြုတ်ခွဲဘူတာကြား တံတားအမှတ် (၄၂၀) ၏ ကွန်ကရစ်တံတားအောက်တွင် လက်လုပ်မိုင်းတစ်လုံး စစ်ဆေးတွေ့ရှိ

နေပြည်တော် ဧပြီ ၂၆ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ မီးရထား ပုဗ္ဗသီရိမြို့နယ်ရန်ကုန်-မန္တလေးလမ်းပိုင်း ကျည်တောင်ကန်ဘူတာနှင့် ဖြုတ်ခွဲဘူတာအကြား မိုင်တိုင်အမှတ် ၂၃၇/၀-၁ အကြားရှိ တံတားအမှတ် (၄၂၀) အစုန်လမ်း ပေ ၂၀ ကွန်ကရစ်တံတားအောက် မန္တလေးဘက်ခြမ်း တံတားနံရံ ရေထွက်ပေါက်၌ အလျား ၁၅ လက်မ၊ အချင်း ၅ လက်မခန့်ရှိ မီးသတ်ဆေးဘူးဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းကို ဧပြီ ၂၅ ရက် နံနက် ၆ နာရီ ၅ မိနစ်တွင် နယ်မြေ လုံခြုံရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရ၍ ဖြစ်ပွားရာနေရာသို့ မြန်မာ့မီးရထားမှတိုင်းတာဝန်ခံနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုသည်။ အခင်းဖြစ်ပွားရာနေရာသို့ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဝေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အမှတ် (၉၂၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီး ဇင်မောင်မောင်တို့အဖွဲ့မှ သွားရောက်၍ အဆိုပါ လက်လုပ်မိုင်းကိုစစ်ဆေးရာ မီးသတ်ဆေးဘူးအတွင်း ယမ်းမှုန့် ၄လက်မ၊ သံချောင်း ၃၅ ချောင်း၊ စက်ဘီးဘောစေ့ ၃၀၀ ခန့် တွေ့ရှိရပြီး နံနက် ၇ နာရီ မိနစ် ၂၀ တွင် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။ သတင်းစဉ်