နေပြည်တော် ဧပြီ ၂၂
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၂၉) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဥပ္ပါတသန္တိစေတီ တော်လှိုဏ်အတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင် ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒအမှူးပြုသော ဆရာတော်၊ သံဃာ တော်များ ကြွရောက်တော်မူ ကြပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်စိုးဦး၊ သာသနာ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် စေတီတော်ဂေါပက အဖွဲ့ဝင်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ် ပြီး လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဆရာ တော်ဘဒ္ဒန္တဇနိန္ဒထံမှ ဧည့်ပရိသတ်များက ငါးပါး သီလခံယူ ဆောက်တည်ကြကာ ဆရာ တော်၊ သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်နှင့် ပဋ္ဌာန်း ပရိတ်အိုးများကို ဆက်ကပ်လှူ ဒါန်းကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များ ဦးဆောင်၍ ဧည့်ပရိသတ်များက ပဋ္ဌာန်း ပစ္စယုဒ္ဒေသ ပါဋ္ဌိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဖော်ကာ အခမ်း အနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းပြီး ပေါက်မြိုင်ကျောင်းတိုက် ဆရာတော်နှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
(၁၂၉) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ မင်္ဂလာ အခမ်း အနားကို ယနေ့မှစတင်ကာ ဧပြီ ၂၆ ရက်အထိ ရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)