နေပြည်တော် ဧပြီ ၂ဝ
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အကောင်အထည်ဖော်မှု ပဉ္စမနှင့်ဆဋ္ဌမအကြိမ်နိုင်ငံအဆင့်ပူးတွဲအစီရင်ခံစာ(မူကြမ်း)နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အနေဖြင့် United Nations Convention on the Rights of the Child (UNCRC) တွင် ပါဝင် လက်မှတ်ရေးထိုး ထားရှိခဲ့ပြီးဖြစ်၍ သတ်မှတ်ချက်များနှင့်အညီ အစီရင်ခံစာများ တင်သွင်းရပါ ကြောင်း၊ ယခုလက်ရှိ တွင် ပဉ္စမနှင့်ဆဋ္ဌမအကြိမ် နိုင်ငံအဆင့် ပူးတွဲအစီရင်ခံစာအား တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ Reportတင်သွင်းခြင်းသည် တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည့်အတွက် သတ်မှတ်ကာလအတွင်း အစီရင်ခံစာပေးပို့နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အစီရင်ခံစာနှင့် ပတ်သက်၍ UNCRC ကော်မတီ၏ သုံးသပ်ချက်နှင့်အကြံပြုချက် များကိုလည်း အလေးထားရမည်ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အပါအဝင် အဆင့်ဆင့်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေကို ၂၀၁၉ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး လက်ရှိတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေကို ရေးဆွဲဆောင်ရွက်လျက်ရှိသည့် အခြေအနေကိုလည်း အမျိုးသားအဆင့်ကော် မတီဝင်များထံသို့ ချပြသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ပဉ္စမနှင့်ဆဋ္ဌမအကြိမ် နိုင်ငံအဆင့်ပူးတွဲ အစီရင်ခံစာ ရေးသားရာတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများက တင်သွင်းမည့် အစီရင်ခံစာများကိုလည်း လေ့လာဖတ်ရှုရန် လိုအပ်ပါကြောင်းနှင့် လိုအပ်သည်များအား ဖြည့်စွက်ပြောကြားသည်။
ယင်းနောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အကောင် အထည်ဖော်မှု ပဉ္စမနှင့်ဆဋ္ဌမအကြိမ် နိုင်ငံအဆင့်ပူးတွဲ အစီရင်ခံစာ (မူကြမ်း)နှင့်ပတ်သက်၍ ဘာသာရပ်ဆိုင်ရာ တာဝန်ခံ ညွှန်ကြားရေးမှူးက CRC အဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်း၊ CRC ၏ အနှစ်သာရများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်အခြေခံမူ (၄)ရပ်၊ လိုက်နာဆောင်ရွက်ရမည့်တာဝန်(၅)ရပ်၊ ဥပဒေနှင့် နည်းဥပဒေပြဋ္ဌာန်းချက်များ၊ လက်ရှိတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်ကော်မတီများ ဖွဲ့စည်းထားရှိပြီး ခရိုင်နှင့် မြို့နယ်ကော်မတီများ ဆက်လက်ဖွဲ့စည်း ဆောင်ရွက်မည့်အခြေအနေ၊ ကလေးသူငယ်အခွင့်အရေး (၄)ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း လုပ်ငန်းစဉ်များ၊ အစီရင်ခံစာ ရေးသားခြင်း၊ တင်သွင်းခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက UNCRCကော်မတီမှ သတ်မှတ်ထားသည့် Reporting Guideline များအတိုင်း ရေးသားရမည်ဖြစ်သော် လည်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများအား ထည့်သွင်း ရေးသားရမည်ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် ဘတ်ဂျက်ရရှိမှု နည်းပါးခြင်းနှင့် ဖြစ်ရပ်စီမံခန့်ခွဲသူများ လုံလောက်စွာခန့်ထားနိုင်မှု မရှိခြင်းသည်လည်း စိန်ခေါ်မှုများ ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရန်နည်း လမ်း၊ Recommendation များကိုလည်း ပေါ်လွင်အောင် ရေးသားရမည်ဖြစ်ကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင် လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် ပါလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး က မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်နေသော ပြည်သူ့အ ကျိုးပြု လုပ်ငန်းများသည် ပြည်သူလူထုအတွင်း ထဲထဲဝင်ဆောင်ရွက်ရပြီး တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဆောင်ရွက်ရသော လုပ်ငန်းများဖြစ်သည့်အတွက် လေးနက်ခက်ခဲပါကြောင်း၊ မသန်စွမ်းသူ၊ မူးယစ်ဆေးဖြတ်ပြီးသူ လူကုန်ကူးခံရသူ စသည်ဖြင့် လူမှုရေးအကူအညီ လိုအပ်နေသူအားလုံး၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများမှာ အလွန်ပင်အရေးကြီးပါကြောင်း၊ ၎င်းတို့ကို မိသားစု အသိုင်းအဝိုင်း ရပ်ရွာလူထုအတွင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းပေးရာတွင် ရပ်ရွာပြည်သူလူထုနှင့် မိဘဆွေမျိုးသားချင်း မိသားစုဝင်များ၏ အမြင်သဘောထားများနှင့် ပံ့ပိုးကူညီမှုများသည် အလွန်ပင်အရေးကြီးပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မပြီးပြတ်သေး သောလုပ် ငန်းများကို ထိရောက်အောင်မြင် အောင်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်း များစွာကိုလည်း ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်က ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းရပ်များတွင် လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံရေး၊ ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းရပ်သည်လည်း အရေးကြီးသော လုပ်ငန်း ရပ်တစ်ခုဖြစ်ပါကြောင်း၊ လူကုန်ကူးမှုများသည် ရွှေ့ပြောင်းသွားလာခြင်းနှင့် ဆက်စပ်လျက်ရှိပြီး၊ ပုံမှန်ဝင်ငွေမရှိသူ၊ ရပ်တည်ရန်ခက်ခဲသူများအပေါ် ပွဲစားများမှ မတရားအလွဲသုံးစားပြု ခေါင်းပုံဖြတ် ခြင်းဖြစ်ကြောင်း၊ ယခင်က အမျိုးသမီးများသာ လူကုန်ကူးခြင်းခံရသော်လည်း ယခုအခါ အမျိုးသား များပါ လူကုန်ကူးခြင်းခံရမှုများပြားလာတာကိုတွေ့ရမည်ဖြစ်ကြောင်း၊ အမျိုးသားအများစုသည် ကျားဖောင်များပေါ်တွင် လူကုန်ကူးခံရကြောင်း၊ တရုတ်နိုင်ငံသို့ တရားမဝင်သွားရောက် အလုပ်လုပ် ကိုင်ခြင်းကြောင့် လူကုန်ကူးမှုများ ဖြစ်ပွားလျက်ရှိသကဲ့သို့ အမျိုးသမီးအများစုမှာ အဓမ္မလက်ထပ် ခြင်းခံရကြောင်း၊ လူကုန်ကူးခံရသူများထဲတွင် မြန်မာနိုင်ငံ အလယ်ပိုင်းခြောက်သွေ့ ဒေသများတွင် နေထိုင်သူများ အများအပြား ပါဝင်နေသည်ကိုတွေ့ရှိရကြောင်း၊ လူကုန်ကူးခံရသူများ ပြန်လည် ထူထောင်ရာတွင် နောက်ဆက်တွဲစောင့်ရှောက်မှုသည် အရေးကြီးပါကြောင်း၊ လူကုန်ကူးခံ ရသူသာမက ၎င်းတို့၏ မိသားစုဝင်များကိုပါ Counselling ပြုလုပ်ပေးရန်လိုအပ်ကြောင်း၊ အလုပ် အကိုင်အခွင့် အလမ်းများပိုမိုဖန်တီးပေးနိုင်ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် ကြိုတင်ကာကွယ် တားဆီးရေး လုပ်ငန်းများသည်လည်း များစွာရေးကြီးကြောင်း ဆွေးနွေးသည်။
ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူက “ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်း အစီအစဉ်” ပါ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်း များ၏ အားသာချက်၊ အားနည်းချက်များနှင့် ရှေ့ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)