နေပြည်တော် ဧပြီ ၂၀
ခေတ်မီနည်းပညာများ အသုံးပြု၍ ကာလတိုအတွင်း လယ်ယာကဏ္ဍ သိသာ ထင်ရှားစွာတိုးတက်ပြောင်းလဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြည်သူများ စားနပ်ရိက္ခာ နှင့်အာဟာရဓါတ်ဖူ လုံပြည့်ဝရေး ၊ အလုပ်အကိုင်ရရှိရေးတို့အတွက် သေချာသည့် စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသော ကုန်ထုတ်လုပ်ငန်းများ ခေတ်မီဖွံ့ဖြိုးရေး ဆောင်ရွက်ပေးခြင်းဖြင့် ကိုဗစ်-၁၉ရောဂါကြောင့် ထိခိုက်ခဲ့ သည့် စီးပွားရေးလုပ်ငန်းများကို အမြန်ကုစား ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအား သမားရိုးကျ မိရိုးဖလာနည်းလမ်းများအစား ခေတ်မီနည်းပညာများ အသုံးပြုဆောင်ရွက် နိုင်ရေး၊ လယ်ယာကဏ္ဍဆိုင်ရာ နည်းပညာများသည် စိုက်ပျိုး မွေးမြူရေးဆိုင်ရာ ကုန်ထုတ် လုပ်ငန်း လုပ်ကိုင်နေသူများက လိုအပ်နေသည့် နည်းပညာများဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် လိုလားစွာ လိုက်နာဆောင်ရွက် လာစေရေးအတွက် တာဝန်ရှိသူများက ပညာပေးစည်းရုံး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဘဏ္ဍာငွေကြေးများ သုံးစွဲခြင်း နှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ငန်းများတွင် တည်ဆဲဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များက ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို ကာလတိုအတွင်း ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ သတ်မှတ်ကာလတွင် စိုက်ပျိုးရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများ ဘာသာရပ်များ အလိုက် အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး စီမံ ဆောင်ရွက်ထားရှိမှုများနှင့် မွေးမြူရေး ဒီပလိုမာသင်တန်းများ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်း ကောင်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က လယ်ယာကဏ္ဍဆိုင်ရာ လုပ်ငန်းများ၊ သမဝါယမလုပ် ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို ကာလတိုအတွင်း သိသာထင်ရှားစွာ တိုးတက်လာစေရေးဆောင်ရွက်ရာ၌ မိမိတို့ ပြည်ထောင်စုအဆင့်က ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့် သက်ဆိုင်ရာဒေသ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်ချက်များ လိုက်လျောညီထွေဖြစ်စေရေးကို အထူးဂရုပြုဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်ရွယ်ချက်၊ မျှော်မှန်းချက်နှင့် လုပ်ငန်းလမ်းညွှန်ချက်များကို တိုင်းဒေသကြီး ပြည်နယ်ခရိုင်နှင့် မြို့နယ်အဆင့်များတွင် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည့် မိမိတို့၏ဌာနတာဝန်ရှိသူတိုင်း ထဲထဲဝင်ဝင် သိရှိနားလည်ရေး၊ သက်ဆိုင်ရာဒေသစီမံ အုပ်ချုပ်ရေးကောင်စီ အဆင့်ဆင့်နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် တာဝန်များ တိကျစွာ ခွဲဝေသတ်မှတ်ဆောင်ရွက် ရေးကိစ္စများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)