Skip to main content

သီပေါမြို့ နန်းဦးပရိယတ္တိစာသင်တိုက်၌ ရိုးရာမပျက် သဲပုံစေတီလှူဒါန်းပူဇော်

သီပေါ ဧပြီ ၁၈
သီပေါမြို့နယ်တွင် ယခုနှစ် မြန်မာ့ ရိုးရာအတာ သင်္ကြန်ကာလ၌ မြို့ပေါ်ရှိ ဘုရားကျောင်းကန်များ နှင့်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတိုက်များ၌ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ရိပ်သာများ၌ တရား စခန်းဝင်ခြင်း၊ ဒုလ္လဘ ရဟန်းဝတ်ခြင်း၊ သံဃာတော်များ နှင့် ရိပ်သာဝင်ယောဂီတို့အား အရုဏ် ဆွမ်းနှင့် နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းများဖြင့် နှစ်သစ်ကူးကာလ မုဒိတာပွား ကြည်နူးဖွယ် တွေ့ရသည်။ အတာသင်္ကြန်အကြိုနေ့မှ အစ ပြုလျက် သင်္ကြန်အတက်နေ့ အထိ သီပေါမြို့ နန်းဦးပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကစဉ္စဏအရှင် သူမြတ်အား အမှူး ထား၍ တပည့် ဒါယကာ ဒါယိကာမများ၊ အလှူရှင်များ စုပေါင်းဦးဆောင် ပြီး နန်းဦးပရိယတ္တိ စာသင်တိုက်စေတီတော် မြတ်ကြီး၏ အရပ်ရှစ် မျက်နှာထောင့်များအလိုက် သဲပုံ စေတီတော်ရှစ်ဆူကို ရှေးရိုးရာ အစဉ်အလာမပျက် လှူဒါန်း ပူဇော်ကြသည်။ ။
ထိုသို့ သဲပုံစေတီတော်ကို လှူဒါန်းပူဇော်ရခြင်းအတွက် ခန္ဓာ ကိုယ်မှ ချေးမျှော်မြူ အညစ် အကြေး မတင်ခြင်း၊ ခန္ဓာကိုယ်မှ နံစော်သော အနံ့ဆိုးများကင်းစင် ခြင်း၊ ခန္ဓာကိုယ်အချိုးအစား၊ အရပ်အမောင်း ပြည့်စုံတင့်တယ် ခြင်း၊ အများနှင့်မတူ ကိုယ်ခန္ဓာ ၊ အရောင်အဆင်းလှပခြင်း၊ အများ တကာထက် အသက်ရှည်ခြင်း၊ အနာကြီးရောဂါ ကင်းစင်ခြင်း၊ လူနတ်တို့ချစ်ခင် ကြည်ညိုခြင်း၊ ပညာဉာဏ်ခွန်အား ဗလနှင့် ပြည့်စုံခြင်း၊ အခြံအရံများ ခွန်အားဗလ နှင့် ပြည့်စုံခြင်း၊ ပဋိသမ္ဘိဒါဉာဏ်နှင့် ရဟန္တာအဖြစ် ဆိုက်ရောက်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း စသည့် အကျိုးထူးများရရှိနိုင်ကြောင်း နန်းဦးပရိယတ္တိစာ သင် တိုက်ပဓာနနာယက ဆရာတော် က မိန့်ကြား၍ သိရသည်။
စိုင်း(သီပေါ)