Skip to main content

အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ (၈၄၆) ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

အင်းစိန် ဧပြီ ၁၇ မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအား ဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် လည်းကောင်း။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သည် အကျဉ်းထောင်/ အချုပ်ထောင်/ အကျဉ်းစခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူ များကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ- ၄၀၁ ၊ ပုဒ်မခွဲ (၁)အရ“ နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များ ကိုပါ ဆက်လက် ကျခံပါမည် ” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များ အပေါ် လျော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သဖြင့် ယနေ့တွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား (၇၄၄)ဦးနှင့် အကျဉ်းသူ (၁၀၂)ဦး စုစုပေါင်း (၈၄၆)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့ သည်။ အဆိုပါ အကျဉ်းသား၊ အကျဉ်းသူများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးသည့် အခမ်းအနား ကို အကျဉ်းဦးစီးဌာန၊ အင်းစိန်ဗဟိုအကျဉ်းထောင်ဝန်း မိုးလုံလေလုံအားကစားရုံ ခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်၊ ရန်ကုန် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဝေ၊ အင်းစိန်မြို့နယ် စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ ဦးဝင်းအောင်တို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(က)နှင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)တို့ပါ အမိန့်များကို ဖတ်ကြားရှင်းလင်းခြင်းနှင့် ဆုံးမသြဝါဒ စကားများ ပြောကြားကြပြီး အင်းစိန်ဗဟို အကျဉ်းထောင်၊ တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဌေးက လွတ်မြောက်သည့် အကျဉ်းသား/သူ များကို ထောင်လွတ်လက်မှတ်၊ Covid-19 စစ်ဆေးချက်မှတ်တမ်း၊ လွတ်လူခရီးစရိတ်နှင့် လွတ်လူစားစရိတ်ငွေများ ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် သက်ဆိုင်ရာ ခရိုင်/ မြို့နယ်များအလိုက် ရန်ကုန်မြို့တွင်းသို့ သွားရောက်မည့် အကျဉ်းသား/သူများကို YBS မော်တော်ယာဉ် (၁၃)စီးဖြင့် လည်းကောင်း၊ နယ်ဝေးသို့ပြန်မည့် အကျဉ်းသား/သူများကို မော်တော်ယာဉ် (၂)စီးဖြင့် အကျဉ်းထောင်အရာရှိ ဝန်ထမ်းများက အဝေးပြေးဂိတ်များသို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။ (သတင်းစဉ်)