ရန်ကုန် မတ် ၂
ရန်ကုန်(ပန်းဆိုးတန်း)-ဒလ ကူးတို့သင်္ဘောဆိပ်သည် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်များမှ ပြည်သူများအား ရန်ကုန် မြို့သို့ မြစ်တွင်း ချယ်ရီသင်္ဘောများဖြင့် နေ့စဉ် ပို့ဆောင်ပေးလျက် ရှိသော သင်္ဘောဆိပ်ကမ်းတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်မှစ၍ လက်ရှိအချိန်အထိ ခရီးသည်သွားလာမှု နည်းပါးနေသော်လည်း ခရီးသည်များ သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် ရေယာဉ်ခရီးစဉ်များကို ပုံမှန်ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ သိရသည်။
တစ်နေ့ကို ခရီးသည် ၃၀၀၀၀ ကျော် သွားလာနေကြတာပေါ့။ ကိုဗစ်၁၉ ရောဂါ စတင်ဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ လူဦးရေ တဖြည်းဖြည်း လျော့နည်းသွားတယ်၊ အဲဒီအချိန်မှာလည်း ခရီးသည်တွေ သွားလာမှု အဆင်ပြေစေဖို့အတွက် မရပ်နားဘဲ ခေါက်ရေကို အတိုးအလျှော့နဲ့ ပြေးဆွဲပေးခဲ့တယ်၊ လက်ရှိအခြေအနေနဲ့ အချိန်ကာလမှာ ကန့်သတ်မှု တွေရှိသော်လည်း ခရီးသည်သွားလာမှုတွေ ပိုပြီးတော့ ချောမွေ့အောင် ပြေးဆွဲပေးသွားမှာပါ၊ အတာသင်္ကြန်ပွဲတော် ကာလအတွင်းမှာလည်း နှစ်စဉ်နှစ်တိုင်း ပြေးဆွဲပေးတဲ့အတိုင်း မရပ်နားဘဲ ခေါက်ရေလျှော့ပြီး ပြေးဆွဲသွားမှာဖြစ်ပါတယ်”ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးလှဝင်းနိုင်က ပြောကြားသည်။
ပန်းဆိုးတန်း-ဒလ ခရီးစဉ်၌ ယခုရက်ပိုင်းအတွင်း ခရီးသည်သွား လာမှုမှာ မတ် ၁၉ရက်က ၅၂၃၃ ဦး၊ ၂၀ ရက်တွင် ၃၇၇၁ ဦး၊ ၂၁ ရက်တွင် ၄၀၂၅ ဦး ရှိခဲ့ကြောင်း၊ ယခင်က ခရီးသည်သွားလာမှုနှင့်ယှဉ်လျှင် ခရီးသည်နည်းပါးသော်လည်း ရေယာဉ်ခရီးစဉ်များကို အစိုးရရုံးဖွင့်ရက် များတွင် အသွား ၃၅ ခေါက်၊ အပြန် ၃၅ ခေါက်နှုန်း၊ ရုံးပိတ်ရက်များတွင် အသွား ၂၂ ခေါက်၊ အပြန် ၂ ခေါက်နှုန်းဖြင့် ပြေးဆွဲပို့ဆောင်ပေးလျက် ရှိကြောင်း သိရသည်။ မတ်လထဲတွင် ရန်ကုန်မြစ်အတွင်း၌ မကြာခဏ မြူနှင်းပိတ်မှု ဖြစ်ပွားခြင်းကြောင့် နံနက်အစောပိုင်း သင်္ဘောခရီးစဉ် အချို့ စောင့်ဆိုင်းခဲ့ရပြီး မြူနှင်းရှင်းချိန်မှသာ ပြေးဆွဲပေးခဲ့ရသည်။
ပန်းဆိုးတန်း-ဒလ ချယ်ရီသင်္ဘောခရီးစဉ်ကို ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီကာလများက အသွား ၄၆ ခေါက်၊ အပြန် ၄၆ ခေါက်နှုန်းဖြင့် နေ့စဉ် နံနက် ၅ နာရီခွဲမှ ည ၉ နာရီခွဲအထိ ပြေးဆွဲပေးခဲ့ပြီး နေ့စဉ် ခရီးသည် ၃၀၀၀၀ ကျော် သွားလာလျက်ရှိကာ နေ့စဉ်ဝင်ငွေ ကျပ်သိန်း ၃၀ ကျော် ကောက်ခံရရှိသည့် ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့သည်။ ချယ်ရီ သင်္ဘောများတွင် သံဃာတော်များနှင့် သီလရှင်များအား အခမဲ့ စီးနင်း ခွင့်ပေးထားသလို ပြည်သူများကိုလည်း တစ်ဦးလျှင် ကျပ် ၁၀၀ နှုန်းသာ ကောက်ခံသောကြောင့် အခြေခံလက်လုပ်လက်စား ပြည်သူများအားလုံး စီးနင်းနိုင်သည့် သက်သာသောနှုန်းထားလည်း ဖြစ်သည်။ နိုင်ငံခြား ခရီးသည် စီးနင်းခကိုမူ လူတစ်ဦး အသွားအပြန်အတွက် ကျပ် ၄၀၀၀ နှုန်း သတ်မှတ်ကောက်ခံလျက်ရှိသည်။
ပန်းဆိုးတန်း-ဒလ ချယ်ရီသင်္ဘောခရီးစဉ်အတွက် ချယ်ရီရေယာဉ် သုံးစင်း၊ ဒလမြို့ဘက် ဆိပ်ကမ်း၌ ခရီးသည် နားနေဆောင်နှင့် ဆိပ်ခံ တံတား နှစ်စင်းတို့ကို ဂျပန်နိုင်ငံ JICA အဖွဲ့အစည်းက ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က လှူဒါန်းခဲ့ရာ ယခုအခါသက်တမ်း ခုနစ်နှစ်နီးပါး ရှိလာပြီဖြစ်သလို ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ခရီးသည်ပေါင်း မြောက်မြားစွာအား သွားလာရေးအဆင်ပြေချောမွေ့အောင် အကောင်းဆုံး ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်းကျော် (ပြန်/ဆက်)
နောက်ဆုံးရသတင်းများ

24 Jun, 2025