Skip to main content

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကို အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံ အမှုဖွင့်လှစ် အရေးယူ

နေပြည်တော် မတ် ၂၂ သူရဦးအောင်ကိုသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်မှ လူပုဂ္ဂိုလ်များသို့ သာသနာ့နုဂ္ဂဟဘွဲ့တံဆိပ် နှစ်စဉ် ချီးမြှင့်ပေးအပ်ခြင်းနှင့်ပတ်သက်၍ ငွေကြေးနှင့် ပစ္စည်းများ လက်ခံရယူခဲ့သည့်အပေါ် အရေး ယူပေးပါရန် တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးကာ စစ်ဆေးပေါ်ပေါက်ချက်များအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှု(၃)မှုဖွင့်ကာ တရားစွဲဆိုအရေးယူ ဆောင်ရွက်ခဲ့သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထပ်မံစစ်ဆေးတွေ့ရှိချက်အရ သူရဦးအောင်ကိုသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့စဉ်က ငွေကျပ်သိန်း ၂၅၀ ကျော် တန်ဖိုးရှိသည့် အလေးချိန် ၂၀ ကျပ်သားခန့်ရှိသော ရွှေပန်းကန် တစ်ချပ်ကို ကျသင့်တန်ဖိုးပေးချေခြင်းမရှိဘဲ လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သူရဦးအောင်ကို အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော် သက်ဆိုင်ရာရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ ထပ်မံတရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။ (သတင်းစဉ်)