နေပြည်တော် မတ် ၂၂
ညောင်လေးပင်မြို့နယ် ရဲစခန်းကို မီးပုလင်းနှင့် ရန်ပြုအကြမ်းဖက်ပစ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းသတင်းထုတ်ပြန်ချက်အရ မတ် ၂၁ ရက် ည ၁၂ နာရီခွဲတွင် ညောင်လေးပင် မြို့နယ်ရှိ နယ်မြေရဲစခန်းကို ငရှိုင်း(ခ) နေထက်ရှိုင်း(၂၃)နှစ်၊ (ဘ) ဦးဖိုးထောင်ပါ ၂ ဦးသည် ရဲစခန်းခြံစည်းရိုးဘေး ခြုံပုတ်အတွင်းမှ ပုန်းအောင်းကာ ပုဆိုးစနှင့် ဓါတ်ဆီများထည့်ထားသော ဖန်ပုလင်းမီးရှို့၍ ရဲစခန်းဝင်းအတွင်းသို့ ရန်ပြုပစ်ခတ်ခဲ့၍ ခြံစည်းရိုးဘေးတွင် လှန်းထားသော အဝတ်အထည်အချို့ မီးလောင်ပျက်စီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ငရှိုင်း(ခ) နေထက်ရှိုင်းပါ ၂ ဦးကို လိုက်လံဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီအရေးယူနိုင်ရေး အမှုဖွင့် လှစ်ထားရှိသည်။
ဆူပူအကြမ်းဖက်သူများအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးမှုအား အလေးထားဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရုံး၊ ရဲစခန်းများအား အကြောင်းမဲ့ ရန်ပြုအကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေးအင်အား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အလားတူအကြမ်းဖက်မှုမျိုး ထပ်မံမဖြစ်ပေါ်စေရေးအတွက် ကျူးလွန်သူများအပြင် သွေးထိုးလှုံဆော်သူများအားလည်း ထိရောက်စွာဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
နောက်ဆုံးရသတင်းများ

24 Jun, 2025