နေပြည်တော် မတ် ၂၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးများ ဖြစ်ကြသည် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်ထားသည့် အခြေခံပညာ မူလတန်း ကျောင်းအုပ်ကြီးများအတွက် စီမံအုပ်ချုပ်ရေး (စီမံ၊ ဘဏ္ဍာ၊ ပညာ) အရည်အသွေးမြှင့် မွမ်းမံသင်တန်းများ (မြို့နယ့်အဆင့်)သို့ သွားရောက်ကြည့်ရှု အားပေးသည်။
မွမ်းမံသင်တန်းများသို့ သွားရောက်ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးသည် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ၍ နွေရာသီပူပြင်းသည့် ကာလဖြစ်သော်လည်း အရည်အသွေး မြှင့်မွမ်းမံသင်တန်းသို့ တက်ရောက်ကြသည့် ကျောင်းအုပ်ကြီးများကို ကျေးဇူးတင်ပါကြောင်း၊ သင်တန်းတွင် မိတ်ဆွေ ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်များ အချင်းချင်း ပြန်လည်တွေ့ဆုံ၍ အတွေ့အကြုံများ ဖလှယ်ကြကာ မိမိတို့နိုင်ငံ၏ ပညာအရည်အသွေး မြှင့်တင်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြမည်ဟု ယုံကြည်ပါကြောင်း၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးအတွက် ကြိုတင်ပြင်ဆင် နေကြပြီဖြစ်ပါကြောင်း၊ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက်များ တင်ပြရာတွင် အောက်ခြေ၌ အမှန်တကယ်လိုအပ်သည့် အရာများကို ရဲရဲဝံ့ဝံ့ တင်ပြတောင်းခံရန် လိုသကဲ့သို့ သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်အနေဖြင့် လိုအပ်ချက်များကို လုပ်ထုံး လုပ်နည်းနှင့်အညီ မြန်မြန်ဆန်ဆန် ဖြည့်ဆည်းပေးကြမည်ဖြစ်ပါကြောင်း။
ဆရာ၊ ဆရာမ ဆိုသည်မှာ အနာဂတ်သားကောင်းရတနာများ၏ ပဲ့ကိုင်ရှင်များ ဖြစ်ကြသဖြင့် ပဲ့ကိုင်ရှင်များ၏ ပဲ့ကိုင်သွန်သင် ဆုံးမလမ်းပြမှုမှန်ကန်လျှင် သားကောင်းတစ်ယောက်၊ ကျောက်ကောင်းတစ်စေ့အဖြစ် ထွန်းပေါက်လာကြမည်ဖြစ်ပါကြောင်း၊ အနာဂတ်မျိုးဆက်သစ် ကျောင်းသား လူငယ်များကို မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ ဂါရဝတရားရှိကြစေရေး၊ ဟီရိဩတ္တပ္ပ အရှက်အကြောက်တရားများ ရှိစေရေးအတွက် သွန်သင်ဆုံးမ လေ့ကျင့်ပေးကြစေလိုပါကြောင်း၊ ကျောင်းများပြန်လည် ဖွင့်လှစ်သည့်အခါ ကျောင်းသားကျောင်းသူများကို စာတတ်အောင်သင်ပေးကြ စေလိုပါကြောင်း၊ အချို့သော CDM လှုပ်ရှားမှုတွင် ပါဝင်နေသည့် ဆရာ၊ ဆရာမများကို နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းနှင့်အညီ ပြန်လည်တာဝန်ထမ်းဆောင်၍ ဘာသာရပ် မွမ်းမံသင်တန်းများ ဖွင့်လှစ်သည့်အခါ တက်ရောက်ကြရန် နှိုးဆော်တိုက်တွန်းပေးကြ စေလိုပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် CDM လှုပ်ရှားမှုမှပြန်လည် တာဝန် ထမ်းဆောင်လာကြသည့် ဆရာ၊ ဆရာမများ ကိုလည်း နွေးနွေးထွေးထွေး ကြိုဆို ကြစေလိုပါကြောင်း၊ ကျောင်းသား၊ ဆရာအချိုးနှင့် ကိုက်ညီသည့် စာသင်ခုံ၊ စာသင်ခန်း၊ စာကြည့်တိုက်၊ သန့်စင်ခန်း၊ ရေစင်၊ ရေပိုက်လိုင်းများ ဖြည့်ဆည်းပေး မည်ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းသား မူလတန်းကျောင်းအုပ်များ၏ တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
(သတင်းစဉ်)
နောက်ဆုံးရသတင်းများ

23 Jul, 2025
23 Jul, 2025