Skip to main content

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၌ အများပြည်သူသုံးလမ်းမကြီးပေါ်တွင် ကားဟွန်းသံရှည်တီးကာ လက်သုံးချောင်းထောင်၍ ဆူပူဆန္ဒပြသူကို ဖမ်းဆီးအရေးယူ

နေပြည်တော်၊ မတ် ၂၂ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၌ အများပြည်သူသုံးလမ်းမကြီးပေါ်တွင် ကားဟွန်းသံရှည်တီးကာ လက်သုံးချောင်းထောင်၍ ဆူပူဆန္ဒပြသူကို ဖမ်းဆီးအရေးယူ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယင်းသတင်းထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်လုပ်ရပ်များကို အချိန်နှင့်တစ်ပြေးညီ ကြီးကြပ်ထိန်းသိမ်း နိုင်ရေးတို့အတွက် လှည့်ကင်းယာဉ်များဖြင့် နေ့/ညမပြတ် လုံခြုံရေးတာဝန်များ ဆောင်ရွက် လျက်ရှိကြောင်း။ ထိုသို့ဆောင်ရွက်လျက်ရှိစဉ် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်၌ လသာမြို့နယ်၊ ရွှေတိဂုံ ဘုရားလမ်းနှင့် အနော်ရထားလမ်းထောင့်တွင် မြင့်မြတ်သူရလှိုင် (၂၃)နှစ် (ဘ) ဦးဇော်ဝင်းလှိုင် သည် ယာဉ်အမှတ် YGN 3G-8618 Hijet ယာဉ်ကို အများပြည်သူလူထု အနှောင့်အယှက်ဖြစ်စေရန် ဟွန်းသံရှည်တီးကာ လက်သုံးချောင်းထောင်၍ မောင်းနှင်ဆူပူ ဆန္ဒပြနေသည်ကို တွေ့ရှိရသဖြင့် ရဲစခန်းသို့ခေါ်ဆောင်ကာ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက် လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသည့် တရားဥပဒေမဲ့ လုပ်ရပ်များကို အချိန်မီထိန်းသိမ်းနိုင်ရေး ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)