နေပြည်တော် မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ဈေးများနှင့် ကုန်တိုက်များ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ရောင်းဝယ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းသတင်းထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တို့တွင် ယခင်ရက်များအတွင်း နိုင်ငံတော်အစိုးရဆန့်ကျင်ရေး ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက် ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် တည်ငြိမ်အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထု၏ အကျိုးစီးပွားကိုရှေ့ရှုကာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လုံခြုံရေးတာဝန်များအား နေ့/ညမပြတ် ဆောင်ရွက်၍ ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်ဖျက်ဆီးမှုများအား ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အချို့၌ အခြေအနေများ ပြန်လည်တည်ငြိမ် အေးချမ်းလာသဖြင့် အများပြည်သူလူထုအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများအား ပြန်လည်လုပ်ကိုင် လည်ပတ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း။
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ (၈)ရပ်ကွက်ရှိ ဂမုန်းပွင့်ကုန်တိုက်၊ ဒေါပုံမြို့နယ်ရှိ Capital Hyper Market၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၉၄)ရပ်ကွက်ရှိ City Mart၊ ဗိုလ်တစ်ထောင်မြို့နယ်၊ (၇)ရပ်ကွက်ရှိ လဟာပြင်ဈေး၊ လမ်းမတော်မြို့နယ်၊ (၇)ရပ်ကွက်ရှိ ညောင်လေးပင်ဈေး၊ လသာမြို့နယ်၊ (၂)ရပ်ကွက်ရှိ လမ်းမတော် သံဈေး၊ ပန်းဘဲတန်းမြို့နယ်၊ (၂)ရပ်ကွက်ရှိ သိမ်ကြီးဈေး၊ တာမွေမြို့နယ်၊ ဗျိုင်းကွက်သစ်ရပ်ကွက်ရှိ တာမွေယာယီဈေး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပျံကျဈေး၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ရှိ ဆင်မင်းဈေး၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက် သစ်တောလမ်းရှိ အလုံဈေး၊ လှိုင်မြို့နယ် (၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ရွှေပိတောက် ငါးဈေး၊ သုံးခွမြို့နယ်၊(၄)ရပ်ကွက်ရှိ သုံးခွဈေးနှင့် ခရမ်းမြို့နယ်၊ (၃)ရပ်ကွက်ရှိ မြို့မဈေးတို့တွင် ဈေးရောင်းဈေးဝယ်များဖြင့် စည်ကားလျက်ရှိစွာဖြင့် လုပ်ငန်းများ လည်ပတ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း။
အလားတူ ကျန်မြို့နယ်များတွင်လည်း ဈေးများနှင့် စီးပွားရေးလုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်လုပ်ကိုင်လည်ပတ်နိုင်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းကာ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)