Skip to main content

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များ၌ အသုံးပြုသည့် လက်လုပ်သေနတ်များ လက်ဝယ်ကိုင်ဆောင်ထားရှိသူများအား ဖမ်းဆီးရမိ

နေပြည်တော် မတ် ၂၁ မန္တလေးတိုင်းဒေသကြီးအတွင်းရှိမြို့နယ်အချို့တွင် CDM လှုပ်ရှားမှုကို အခြေခံ၍ ဆူပူအကြမ်းဖက်မှုကို လိုလားသောအဖွဲ့အစည်းများနှင့် လူအုပ်စုအချို့ သည် နည်းမျိုးစုံအသုံးပြုပြီး သွေးထိုးလှုံ့ဆော်မှု များအား ဆောင်ရွက်လာသောကြောင့် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဖွဲ့များခွဲ၍ လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မတ္တရာမြို့နယ် စကျင်ကျေးရွာအတွင်း လက်လုပ် သေနတ်များ ထားရှိသည်ဟု သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေစဉ် ဆူပူအကြမ်းဖက်သူ ၁၀၀ ခန့်က ကျေးရွာအတွင်း အဝင်မခံဘဲ တားဆီး၍ နှောင့်ယှက်လျက်ရှိသဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လူစုခွဲခြင်းများ ဆောင်ရွက်ခဲ့ရာ ဆူပူအကြမ်းဖက်သူများထဲမှ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီး ရမိခဲ့ပြီး လက်လုပ်သေနတ်၂လက်အား သိမ်းဆည်း ရမိခဲ့သည်။ ထို့ပြင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြားရှိ အောင်ကြီး ဆီဇာဗီနိုင်းဆိုင်အား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရှာဖွေရာ တရားမဝင်ပုံနှိပ် ထုတ်ဝေမှုများနှင့် သက်ဆိုင်ရာ ဗီနိုင်းစက်များ၊ နိုင်ငံတော် အကြည်ညိုပျက်စေသည့် စာရွက် စာတမ်းများအပြင် ဆူပူဆန္ဒပြမှုများတွင် အထောက် အကူပြု ဗီနိုင်းဆိုင်းဘုတ်များ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ ၎င်းအပြင် စဉ့်ကူးမြို့နယ်၊ ရွာသစ်ကြီးကျေးရွာ အတွင်းသို့ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ ကျော်မျိုးသန့် (ဘ) ဦးတိုးညွန့်ကို ဂက်စ်ဘူး၊ ကော်ပိုက်အပြာဖြင့် ပြုလုပ်ကာ ဖန်ဂေါ်လီထည့်ပစ်ရသည့် လက်လုပ် သေနတ်၁လက်နှင့်အတူတွေ့ရှိဖမ်းဆီးရမိခဲ့သည်။ ထို့အတူ ကျောက်ဆည်မြို့၊ တောင်နံ့သာရွာတွင် လက်လုပ်သေနတ်များ ပြုလုပ်ရောင်းချနေသည်ဟု သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေရာ ကြည်သာဦး (ဘ) ဦးညိုလှ ကို နေအိမ်တွင် လက်လုပ်သေနတ်ပြုလုပ်သည့် ဆက်စပ်ပစ္စည်းများ တွေ့ရှိရပြီး စစ်ဆေးမေးမြန်း ခဲ့ရာ အဆိုပါကျေးရွာနေတင်မြင့်ဆွေ(ဘ)ဦးထွန်း ရွှေနှင့် တိုင်းကျော် (ဘ) ဦးခင်မောင် တို့အား လက်လုပ်သေနတ်၁လက်စီ ရောင်းချထားကြောင်း သိရှိရပြီး အဆိုပါကျေးရွာနေ ဇော်မင်းနောင်(ဘ) ဦးစိန်သောင်း၏ အလုပ်ရုံတွင် လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်းများ ပြုလုပ်ရန်အတွက် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် ထပ်မံသွားရောက်ရှာဖွေရာ လက်လုပ် ၊ သေနတ် ၂ လက်နှင့်အတူဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ထို့အတူ စဉ့်ကိုင်မြို့နယ်၊ ဘဲလင်းအုပ်စု၊ ဉာဏ်ကွေ့ကျေးရွာနေ မြင့်ဇော်ထွန်း(ဘ) ဦးမောင် မြင့်နှင့် ရန်နောင် (ဘ) ဦးရန်အောင်အေး တို့သည် အရက်ဆိုင်တွင် အရက်သောက် စကားများရန်ဖြစ်၍ မြင့်ဇော်ထွန်းမှရန်နောင်အား လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီး ထိန်းသိမ်းကာ လက်လုပ်သေနတ်အား သိမ်းဆည်းရမိခဲ့ပြီး ဒဏ်ရာရရှိသူအား နယ်မြေခံတပ်မတော်ဆေးရုံသို့ပို့ဆောင် ဆေးကုသမှု ခံယူစေခဲ့သည်။ ၎င်းအပြင် ရမည်းသင်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် လှည့်ကင်းများ ဆောင်ရွက်နေစဉ် အောင် မင်္ဂလာရပ်ကွက်၊ အောင်ပြည့်အောင်ဘုန်းတော်ကြီး ကျောင်းအနီး သရက်ပင်အောက်တွင် ဂက်စ်ဘူး၊ ကော်ပိုက်အပြာဖြင့် ပြုလုပ်ကာ ဖန်ဂေါ်လီထည့်ပစ်ရသည့် လက်လုပ်သေနတ် ၁ လက်ကိုင်ဆောင်ထားသူ တစ်ဦးတွေ့ရှိသဖြင့် လက်လုပ်သေနတ် နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြုတိုက်ခိုက် ခဲ့သူများနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြု သည့် ပစ္စည်းများကို လက်ဝယ်ထားရှိသူများကို ဥပဒေအရ ပြင်းထန်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းများ၌ အမှုဖွင့်လှစ်ဆောင်ရွက် ထားရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်လျက် ရှိသူများကို အချိန်တိုအတွင်း ဖမ်းဆီးရမိရေး တာဝန်သိပြည်သူများနှင့် ပူးပေါင်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်