နေပြည်တော် မတ် ၂၁
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၂၈) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စေတီတော်ကြီးလိုဏ်တော် အတွင်း၌ ကျင်းပသည်။ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ဖွင့်လှစ်ပြီး နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ၊ ဈေးကုန်းကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသထံ မှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ။
ယင်းနောက်ဆရာတော်၊ သံဃာတော်များထံဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ဝင်များက ပဋ္ဌာန်းကျမ်းစာ အုပ်နှင့် ပဋ္ဌာန်းပရိတ်အိုးများကို ဆက်ကပ်ပြီး ဆရာတော်၊ သံဃာတော်များ ဦးဆောင်၍ ဧည့်ပရိသတ် များက ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်သည်။
ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၂၈)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မတ် ၂၁ ရက်မှ ၂၅ ရက်အထိ ပူဇော် | ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်