နေပြည်တော် မတ် ၂၁
တစ်ပိုင်တစ်နိုင်မွေးမြူသူများနှင့် ပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းရှင်များ ၏ မွေးမြူ ထုတ်လုပ်မှုများ အတွက်လိုအပ်လျက်ရှိသော မွေးမြူရေး ပညာရှင်များ ဖြည့်ဆည်း ပေးရန် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးကို အထောက် အကူပြုရန် မွေးမြူရေးဒီပလိုမာသင်တန်းများ ကို ပျဉ်းမနား၊ သထုံ၊ ပုသိမ်ကြီး စိုက်ပျိုးရေး သိပ္ပံကျောင်းများတွင် စတင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အကြိုလုပ်ငန်းများ ညှိနှိုင်း ဆွေးနွေးခြင်းကို မတ် (၂၀)ရက် နံနက်ပိုင်းတွင် ပျဉ်းမနား၊ စိုက်ပျိုးရေး သိပ္ပံကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ စိုက်ပျိုးရေး သိပ္ပံ ကျောင်းအုပ်ကြီးများ တက်ရောက် ဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနား၊ စိုက်ပျိုးရေး သိပ္ပံကျောင်း၏ စာသင်ခန်းများ နှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လက်တွေ့သင်ကြားရေး ဌာနများကို ကွင်းဆင်းစစ် ဆေးကြသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူများ တက်ရောက် နိုင်မည့် အဆိုပါ မွေးမြူရေးဒီပလိုမာသင်တန်း အောင်မြင်ပြီးမြောက်ပါက မွေးမြူရေး ဒီပလိုမာ (Diploma in Animal Husbandry , Dip. AH) ဘွဲ့ အပ်နှင်းပေးသွားမည်ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းအတွက်ကိုလည်း ကြိုတင် ညှိနှိုင်း ဆောင်ရွက်ထားရှိပေးမည် ဖြစ်ကြောင်း၊ သတ်မှတ်ရည်အချင်းပြည့်မီပါက မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ် သို့ ပေါင်းကူး တက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းမှ အလယ်အလတ်အဆင့် မွေးမြူရေးပညာ ရှင်များ လေ့ကျင့် သင်ကြားမွေးထုတ် ပေးနိုင်ခြင်းဖြင့် မွေးမြူရေး ကဏ္ဍ အတွက် လိုအပ်လျက်ရှိနေသည့် လူသားအရင်းအမြစ်များ ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ မွေးမြူရေးခြံများ ၊ မွေးမြူရေးဆိုင်ရာ ကုန်ချောထုတ်စက်ရုံများ ၊ နို့နှင့် နို့ထွက် ပစ္စည်းထုတ်လုပ်ရေး စက်ရုံများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တန်ဖိုးမြင့် မွေးမြူရေး ထွက်ကုန်ပစ္စည်းများထုတ်လုပ်မှုဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)