Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

နေပြည်တော် မတ် ၁၉ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် မတ် ၁၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးလှစိုးနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဥ် တိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ် ပေးနိုင်ရေး၊ လုပ်ငန်းလိုင်စင်များ စိစစ် ခွင့်ပြုပေးနိုင်ရေး၊ ခရီးသွားဧည့်သည်များနှင့် အဓိက ထိတွေ့မည့် ဟိုတယ်ဝန်ထမ်းနှင့်ဧည့်လမ်းညွှန်များကို ကိုဗစ်-၁၉ ကာကွယ်ဆေး အမြန်ထိုးနှံ ပေးနိုင်ရေး၊ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ် နိုင်ရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ဆိုင်ရာ သတ်မှတ်စည်း မျဉ်း စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်ထားရှိသည့် Inya Lake Hotel အား ကြည့်ရှုစစ်ဆေးပြီး ဟိုတယ် အတွင်း တည်းခိုနေသည့် နိုင်ငံခြားသားဧည့်သည်များကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက် သည်။ ထို့နောက် Inya Lake Hotel ၊ Ruby ခန်းမ၌ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ ချုပ်နှင့် ညီနောင်အသင်းများမှ ဥက္ကဌနှင့် တာဝန်ရှိသူများကို တွေ့ဆုံ၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌက ခရီးသွားလုပ်ငန်းကို အမြန်ဆုံးပြန်လည်စတင်သွားရန်နှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများက ပူးပေါင်းဆောင်ရွက် သွားရန် အထူးအလေးအနက်ထားမှာ ကြားခဲ့သည့်အတွက် လာရောက်ခြင်းဖြစ်ပါကြောင်း ယခုအခါ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြည်သူများ ကိုဗစ်-၁၉ ကာလအလွန် မွန်းကြပ်နေသော စိတ်ခံစားမှုများလျော့ပါးပြီး ပျော်ရွှင် ချမ်းမြေ့စွာ ခရီးသွားလာ အပန်းဖြေနိုင်ရေးအတွက် ခရီးသွား ကန့်သတ်ချက် များ တပြေးညီ ဖြေလျော့ပေးခြင်း၊ ဟိုတယ်/မိုတယ်များ ဖွင့်လှစ်ပေးခြင်းနှင့် အဝေးပြေး ခရီးသည်တင် ယာဥ်လိုင်းများကိုလည်း ပြန်လည်ဖွင့်လှစ်ထားရှိပြီးဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ဟိုတယ် နှင့် ခရီးသွား လုပ်ငန်းများ ကာလရှည်ကြာစွာ ရပ်ဆိုင်းထားရသဖြင့် လုပ်ငန်းရှင်များ အခက် အခဲများ ဖြစ်ပေါ် နေသည်ကို သိရှိရကြောင်း။ ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း များ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဟိုတယ်များပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှသတ်မှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများနှင့် အညီဖွင့်လှစ်နိုင်ရေး လုပ်ငန်းရှင်များမှ အလေးထား လိုက်နာဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ ခရီးသွား ဧည့်သည်များ ကိုဗစ် ကင်းစင်စွာဖြင့် ယုံကြည်စိတ်ချစွာ တည်းခိုနေထိုင် နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ချက်နှင့်အညီ စစ်ဆေးဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်ရာတွင် ပြည်တွင်း ခရီးသွားကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များ သို့ လွတ်လပ်စွာခရီးသွားလာနိုင်ပြီဖြစ်ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် အသိပေး ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှလည်း လုပ်ငန်းရှင်များမှ ဆောင်ရွက်လိုသည့် ခရီးသွာ းမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ခရီးသွားဧည့်သည်များနှင့် အဓိကထိတွေ့သည့် ဟိုတယ်ဝန်ထမ်းနှင့် ဧည့်လမ်းညွှန်များကိုလည်း ဦးစားပေး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် အပြည်အဝကူညီ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း။ ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ပြန်လည် ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်သွားမည့်လုပ်ငန်းစဥ်များတွင် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ကူညီဆောင်ရွက် ပေးစေလိုပါ ကြောင်း၊ အသင်းများမှ တာဝန်ရှိ သူများနှင့် ခရီးသွားနယ်ပယ်အလိုက် လုပ်ငန်းရှင်များ၏ အသံကိုနားထောင်၍ အခြေအနေအမှန်ကိုသိရှိမှသာ လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည့်အတွက် ရင်ဆိုင်တွေ့ကြုံရသည့် ပကတိအခြေအနေအမှန်ကို ရင်းရင်းနှီးနှီး ပွင့်ပွင့် လင်းလင်းဖြင့် ဆွေးနွေးပေးစေ လိုပါကြောင်း ပြောကြားသည်။ ယင်းနောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင် မောင်ကျော်က ခရီးသွားလုပ်ငန်းပြန်လည်ရှင်သန်နိုင်ရေး အသင်းများမှ ပူးပေါင်း ဆောင်ရွက် ပေးစေလိုသည့် အခြေအနေ၊ ကိုဗစ်-၁၉ ချေးငွေများပြန်လည်ပေးဆပ်နိုင်မှုနှင့် ထပ်မံရရှိနိုင်ရေး ကိစ္စနှင့် ခရီးသွားကော်မတီများ ပြန်လည်ဖွဲ့စည်းမည့် အခြေအနေများကို ဆွေးနွေးတင်ပြပြီး အစည်းအဝေးသို့ တက်ရောက် လာကြသည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့်ညီနောင် အသင်းများမှဥက္ကဌနှင့်တာဝန်ရှိသူများက နိုင်ငံတော်မှ ချေးငွေဆိုင်းငံ့ထားရှိမှု၊ ခရီးသွား လုပ်ငန်းနယ်ပယ်မှ ပုဂ္ဂိုလ်များကို ကိုဗစ် ကာကွယ်ဆေးထိုးနှံပေးစေလိုမှု၊ အသင်းများမှ ကော်မတီများတွင် အဖွဲ့ဝင် အဖြစ်ပါဝင်မည့် အမည်စာရင်းရရှိမှု၊ ဟိုတယ်များအမြန်ဖွင့်လှစ် ပေးစေလိုသည့် အခြေအနေ၊ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းများ ခွင့်ပြုပေးနိုင်ရေး၊ တိုင်းဒေ သကြီး/ပြည်နယ်အားလုံးတွင် ပြည်တွင်း ဘုရားဖူးလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေးအခြေအနေနှင့် ခရီးစဥ်ဒေသသစ်များ ဖော်ဆောင်နိုင်ရေးတို့ကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များအပေါ် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေး ခဲ့ကြောင်းသိရသည်။ (သတင်းစဥ်)