နေပြည်တော် မတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် (၁၀)မိုင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင် အား မတ် ၁၂ ရက် ည ၉ နာရီ ၃၅ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူတစ်စုက ဓားဖြင့် ဝင်ရောက်ခုတ်ခဲ့သဖြင့် သေဆုံးသွားခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ ခြောက်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည့်သတင်းများအား မတ် ၁၅ ရက်နှင့် မတ် ၁၆ ရက်တို့တွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။
အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါဝင်ပတ်သက်သူများအား ထပ်မံဖမ်းဆီး ရရှိမှုရေး နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ မတ် ၁၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် အဆိုပါ ကျူးလွန်မှုတွင် ပါဝင်ခဲ့သူ (၁၀)မိုင်ကျေးရွာနေ စိုင်းသူ(ဘ)ဦးစောနိုင်နှင့် ကျော်ဇင်ဝေ (ဘ)ဦးစောနိုင်တို့ ၂ ဦးအား ၎င်းကျေးရွာ၏ အပြင်ဘက် လက်ရိုက်အုတ်ဖိုနေရာ၌ ဓား ၂ ချောင်း၊ ဂတ်စ်ဘူးဖြင့်ထည့်၍ ပစ်ရသည့် လက်လုပ်သေနတ် ၁ လက်၊ ပြုလုပ်ဆဲ လက်လုပ်သေနတ် ၁ လက်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိသူအား တရားဥပဒေအရအရေးယူနိုင်ရေးနှင့် ဖြစ်စဉ်တွင် ပါဝင် ပတ်သက် သူများအား ထပ်မံဖမ်းဆီးရမိရေး လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်