ရန်ကုန် မတ် ၁၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါး စုံညီ ဆဋ္ဌအစည်းအဝေးနှင့် သတ္တမအစည်းအဝေးကို ယနေ့နံနက်(၈)နာရီတွင် ရန်ကုန် မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။
ကြွရောက်တော်မူ
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော် ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော် ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည် ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် တိုင်းဒေသကြီး/ ပြည်နယ်သာသနာ ရေးမှူးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက သဘာပတိ အဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တ ဓမ္မာစာရ (အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ)က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။
အစည်းအဝေးထမြောက်
ရှေးဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်းအဝေး စတင်ကြောင်းနှင့် ကြွရောက် တော်မူလာ ကြသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြား လျှောက်ထားပြီး အစည်းအဝေးထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသက အစည်းအဝေးဖွင့် သာရဏီယ ဩဝါဒကထာကို မြွက်ကြားတော်မူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် တပည့်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် သာသနာ့ဦးသျှောင် ဆရာတော် ကြီးများ၏ အဆုံးအမဩဝါဒများကို ခံယူလျက် ကျွန်းကိုကိုင်းမှီ ကိုင်းကျွန်းမှီသို့ ပမာမယွင်း အချင်းချင်းလျှင် မှီတင်းယှက်နွှဲလက်တွဲကြပြီး သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီး မြင့်သည် ထက်မြင့်အောင် ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း။
ယုံကြည်မျှော်လင့်
မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ် ကြီးသည် မူလကပင် သန့်ရှင်းစင်ကြယ်ပြီးဖြစ်ရာ ထိုသို့ သန့်ရှင်းစင်ကြယ်ပြီးသော သာသနာတော်မြတ် ကြီးအတွင်းသို့ မြတ်စွာဘုရားရှင်၏ ဓမ္မဝိနယနှင့် မလျော်သောအယူဝါဒများ၊ ထေရဝါဒပိဋကတ်တော် တွင်ပါဝင်မှုမရှိဘဲ မှားယွင်းစွာ တွေးထွင်ကြံဆထား သည့် အယူဝါဒအမှားများကို ရေးသားဟောပြောနေသော အဓမ္မဝါဒီများ ရောနှောဝင်ရောက်နေခြင်း၊ သန့်ရှင်းစင်ကြယ်သော သံဃာတော်များအတွင်းသို့ မသန့်ရှင်းသော အလဇ္ဇီ၊ ဒုဿီလပုဂ္ဂိုလ်များရောနှော ဝင်ရောက်နေခြင်းတို့ကြောင့် သာသနာတော်သန့်ရှင်း စင်ကြယ်စေရေးအတွက် အဓမ္မဝါဒီ၊ အလဇ္ဇီ၊ ဒုဿီလ ပုဂ္ဂိုလ်များ ရှင်းလင်းသန့်စင်သွားရန် သက်ဆိုင်ရာ မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ်၊ နိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့တို့ကို လိုအပ်သလို ဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း။ ဒေသအာဏာပိုင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ ပေါင်းစပ်ညှိနှိုင်းကာ ဓမ္မစက်နှင့် အာဏာစက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်းစင်ကြယ်ပြီး ထွန်းလင်းတောက်ပနေဦးမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ (ဒုတိယအဖွဲ့ခွဲ) ၏ တတိယအကြိမ် တာဝန်ကျ ရာကာလတွင် ကိုကိုးကျွန်းမြို့နယ်မှအပ ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များရှိ အချို့သော မြို့နယ်များကို Stay at Home သတ်မှတ် ကြေညာခဲ့သော်လည်း ဆရာတော် ကြီးများက သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာ လုပ်ငန်းများကို နှောင့်နှေးမှုမရှိဘဲ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်တော်မူနိုင်ခဲ့သဖြင့် ကြည်ညို ဝမ်းမြောက်ရပါကြောင်း။
ဆောင်ရွက်ပေးနိုင်ခဲ့
တပည့်တော်တို့ နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်၍ ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဘုရားပုထိုး၊ စေတီတော်များအား ရဟန်း၊ ရှင်၊ လူ ပြည်သူအများ ဖူးမြော်ကြည်ညိုခွင့် ရရှိနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVD-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဖူးမြော်ခွင့် ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သည့် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာတော်သုံးရပ် အနက် “သာသနဋ္ဌိတိယာ ပနပရိယတ္တိယေဝ ပမာဏံ” ဟူသော ကျမ်းဂန်စကားအရ “စာပေကျမ်း ဂန်သင်ယူပို့ချခြင်း ပရိယတ္တိသာသနာတော်သည်သာ မြတ်စွာဘုရားရှင်၏ သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီး အရှည်ခံ့တည်တံ့ခြင်း၏ အဓိက ပဓာနဖြစ်ပြီး သာသနာတော်၏ အသက်သွေးကြောသဖွယ်ဖြစ်ကြောင်း” ဆရာတော်ကြီးများ ဟောကြား ကနောတော်မူသည်ကို နာယူမှတ်သားရပါကြောင်း။
ဆရာဒကာညီညွတ်စွာ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော် ကြီးများ ဦးဆောင်သည့် ပရိယတ္တိ၊ ပဋိပတ္တိ သာသနာ့ ဝန်ဆောင် သံဃာတော်အရှင်သူမြတ်တို့က သင်ယူ ပို့ချဟောပြောကျင့်ကြံခြင်း၊ တရားတော်ဖြင့် ချီးမြှောက်ခြင်း ဓမ္မာနုဂ္ဂဟဖြင့် စွမ်းစွမ်းတမံ အားသွန်ကြိုးပမ်း ချီးမြှင့်တော် မူကြပြီး တပည့်တော်တို့ နိုင်ငံတော် အစိုးရနှင့် အလှူရှင်ပြည်သူများကလည်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးပစ္စည်းလေးပါးတို့ဖြင့်ထောက်ပံ့အားပေးလှူဒါန်းကြခြင်းဖြင့် ဆရာဒကာ ညီညွတ်စွာ လက်တွဲ၍ ဆောင်ရွက်နိုင်ပါလျှင် ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး ဆက်လက် တည်တံ့ထွန်းလင်းဝေစည် နေဦးမည်ဖြစ်ပါကြောင်း။
နိဂုံးချုပ်အားဖြင့် နိုင်ငံတော်၏အမြင့်မြတ်ဆုံး ဗုဒ္ဓဘာသာ အဖွဲ့အစည်းဖြစ်သည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ တပည့်တော်တို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ ဦးဆောင်သော နိုင်ငံသူ နိုင်ငံသား များအနေဖြင့် ဘုရားရှင် အလိုတော်ကျ ကျင့်ကြံ နေထိုင်ကြလျက် တစ်ဦးနှင့်တစ်ဦး မေတ္တာတရားများ ပွားများကျင့်ကြံ နိုင်ကြပြီး အေးချမ်းသာယာနိုင်ကြပါစေ၊ ဆရာတော် သံဃာတော်အရှင်သူမြတ်များလည်း သက်ရှည်ကျန်းမာစွာဖြင့် သာသနာ့တာဝန်ကို ထမ်းဆောင်တော် မူနိုင်ကြပါစေ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးသည်လည်း ကပ်ရောဂါနှင့် အနှောင့်အယှက်များ ကင်းရှင်းပြီး ငြိမ်းချမ်းသာယာ နိုင်ပါစေ၊ကမ္ဘာသူကမ္ဘာသားများအားလုံး ကပ်ရောဂါ ဘေးမှ ကင်းဝေးချမ်းသာ နိုင်ကြပါစေကြောင်း ဆုမွန် ကောင်းတောင်းရင်း ဘုရားတပည့်တော်၏ လျှောက်ထားလွှာကို နိဂုံးချုပ်အပ်ပါကြောင်း လျှောက်ထားသည်။
တာဝန်လွှဲပြောင်းပေးအပ်
အစည်းအဝေးကို အစီအစဉ်(၈)ရပ်ဖြင့် ဆောင်ရွက်တော်မူကြပြီး နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ တာဝန်ကျအဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များကို ပထမအဖွဲ့ခွဲသို့ သံဃာ့အဖွဲ့ အစည်း အခြေခံ စည်းမျဉ်းလုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်လွှဲပြောင်းပေးအပ် လက်ခံတော် မူခဲ့ကြသည်။
ထို့နောက် အစည်းအဝေးသို့ ကြွရောက်တော်မူ လာကြသည့် ဆရာတော်ကြီးများက ဇယန္တာ ဗောဓိယာမူလေ အစချီသော နှစ်ဂါထာကို သုံးကြိမ် ရွတ်ဆိုတော်မူပြီး သာဓုသုံးကြိမ်ခေါ်ဆိုကာ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါး စုံညီ ဆဋ္ဌအစည်းအဝေးနှင့် သတ္တမ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာ ကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော် ကြီးများအား တစ်နေ့တာ အလှူရှင်အဖြစ် ဦးထင်အောင် + ဒေါ်သီတာအောင် မိသားစုက ဆက်ကပ်လှူဒါန်းကြသည်။
သတင်းစဉ်