Skip to main content

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နေပြည်တော်အတွင်းရှိ ဆေးရုံ များသို့ သွားရောက်ကြည့်ရှု

နေပြည်တော် မတ် ၁၈ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အတွင်းရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် ဦးခေါင်းခွဲစိတ်ရောဂါ အထူးကုဆေးရုံကြီး၊ ပုဗ္ဗသီရိမြို့ ပြည်သူ့ဆေးရုံနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး-ခုတင်(၁၀၀၀) သို့ သွားရောက်ကြည့်ရှုပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။ ရှေးဉီးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန် ရှိသူများသည် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် ဦးခေါင်းခွဲစိတ်ရောဂါ အထူးကု ဆေးရုံကြီး-နေပြည်တော်၊ ပြင်ပလူနာဌာနသို့ ရောက်ရှိကြပြီး ဆေးရုံအုပ်ကြီးနှင့်အတူ မျက်စိ ရောဂါ ကုသမှုလာရောက်ခံယူလျက်ရှိသော လူနာများအား လှည့်လည်ကြည့်ရှု၍ လိုအပ်ချက် များကို မေးမြန်းကာ အားပေးစကားပြောကြားသည်။ မျက်စိပြင်ပ လူနာဌာနကို ရုံးဖွင့်ရက်များတွင် နေ့စဉ်ဖွင့်လှစ် ထားရှိကာ အင်္ဂါ/ကြာသာပတေး နေ့လယ်ပိုင်းတွင် နား/နှာခေါင်း လူနာများနှင့်အတူ ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ နား/နှာခေါင်း လူနာများအတွက် ပြင်ပလူနာဌာနကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နေ့များတွင် ဖွင့်လှစ်ထားရှိကြောင်းသိရှိရသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ထမ်းဆောင်လျက်ရှိသော အထူးကုဆရာ ဝန်ကြီး များ၊ သူနာပြု/ ကျွမ်းကျင် ဝန်ထမ်းများနှင့် တွေ့ဆုံပြီး လူနာများအား ကျန်းမာရေး စောင့်ရှောက် မှု ဆောင်ရွက်ပေးနေမှုအပေါ် အထူးကျေးဇူး တင်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏ တာဝန်မှာ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ မိမိတို့ ကျန်းမာရေးဝန်ထမ်းများသည် ရောဂါဝေဒနာ ခံစားနေရသည့် ပြည်သူများကို တိုက်ရိုက် အကျိုးပြုသည့် ကျန်းမာရေးဝန်ဆောင်မှုကို ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော် က ခွင့်ပြုထားပြီးဖြစ်သည့် ရန်ပုံငွေကို လက်ရှိအခြေအနေအရ အမှန်လိုအပ်နေသည့် နေရာ များတွင် ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ သို့မှသာ ပြည်သူလူထု ထည့်ဝင်သုံးစွဲနေရသည့် ကျန်းမာ ရေးအသုံးစရိတ်များ လျှော့နည်းစေမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ အတွက်လည်း ရရှိသည့် ဘွဲ့/ဒီဂရီ နှင့်အညီ ချီးမြှင့်ငွေ၊ ညဂျူတီ တာဝန်ကျသူများအတွက် စားစရိတ် စသည့်ပံ့ပိုးမှုများ ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်ကြရန် ကြိုဆို လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အစီအစဉ်ဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှူး ခေါင်းဆောင်သောအဖွဲ့က ဆောင်ရွက်လျက်ရှိသည့် အသက်(၆၀)နှစ် အထက် မိဘပြည်သူများအား COVID-19 ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက COVID-19 ရောဂါ ကာကွယ် ဆေးထိုးနှံခြင်း၏ အကျိုး ကျေးဇူးများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် COVID-19 ကာကွယ်ဆေး (၂) ကြိမ် ထိုးနှံပြီးသူ ပြည်သူများအနေဖြင့် ခရီးသွားလာမည်ဆိုပါကလည်း ရောက်ရှိ သည့်နေရာတွင် အသွားအလာကန့်သတ်ခြင်း ကင်းလွတ်ခွင့်ပြုရန် စီစဉ်လျက်ရှိပါကြောင်း၊ ယခင်လို ပုံမှန် လူနေမှုဘဝကို ကာကွယ်ဆေး ထိုးနှံပြီးမှသာ ရရှိနေထိုင်နိုင်မည်ဖြစ်သဖြင့် ကာကွယ် ဆေးထိုး လုပ်ငန်းအောင်မြင်ရေး အားလုံးပူးပေါင်း ပါဝင်ကြစေလိုပါကြောင်း၊ နိုင်ငံတော် ရန်ပုံငွေဖြင့် ဝယ်ယူထားပြီးဖြစ်သည့် ကာကွယ်ဆေးများကို ပြည်သူများအား ထိုးနှံပေးနေသည့် ကျန်းမာရေး ဝန်ထမ်းများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ကာကွယ်ဆေး ထိုးနှံပြီးနောက် ဖြစ်ပွားတတ် သည့် အန္တရာယ်အတွက် လိုအပ်မည့် ဆေး/ဆေးပစ္စည်းများ အသင့်ပြင်ဆင်ထားရှိရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) အရေးပေါ်လူနာဌာနသို့ ရောက်ရှိပြီး အရေးပေါ်ကုသမှုခံယူလျက်ရှိသည့် လူနာများအား လှည့်လည်ကြည့်ရှုသည်။ ယင်းနောက် ဓာတ်ခွဲဌာန/သွေးလှူဘဏ်သို့ သွားရောက်ကာ သွေးလှူရှင်များ လှူဒါန်းထား သည့်သွေးများ စနစ်တကျအသုံးပြုနိုင်ရေးအတွက် မှာကြားပြီး အထူးကြပ်မတ်ကုသဆောင်တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအား ကြည့်ရှုအားပေး စကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြု/ ကျွမ်းကျင်ဝန်ထမ်းများနှင့်တွေ့ဆုံပြီး မိမိတို့ တာဝန်သည် ဆေးကုသမှု လိုအပ်နေသည့် ပြည်သူ များအား လိုအပ်သည့် ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပုဂ္ဂိုလ်များသည် မိမိတို့၏ လုပ်ငန်းတာဝန် များနှင့် လူနာများအား စွန့်ခွာ၍ သွားရောက်နေခြင်းအား သင့်လျော်မှု ရှိ/မရှိ စဉ်းစားသင့်ပါ ကြောင်း၊ ဆရာဝန်များသည် စဉ်းစားချင့်ချိန်နိုင်စွမ်းရှိသူများ ဖြစ်သဖြင့် ပြည်သူများကို ကျန်းမာ ရေး စောင့်ရှောက်မှုပေးရမည့် မိမိတို့၏ ကျင့်ဝတ်များကို လေးစားရန် လိုအပ်ပါကြောင်းနှင့် တာဝန်ကျရာ လုပ်ငန်းခွင်များသို့ ပြန်လည်ဝင်ရောက်ထမ်းဆောင် သင့်ပါကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများ မိမိအဆင့်နှင့် လိုက်လျောညီထွေရှိသည့် ခံစားခွင့်များ ရရှိရေးအတွက် လိုအပ်သည့် ပံ့ပိုးမှုများ ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ (သတင်းစဉ်)