နေပြည်တော် မတ် ၁၈
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ၏ နှစ်လဲသက်တမ်းတိုး ယာဉ်မှတ်ပုံတင် လုပ်ငန်းများကို လာမည့် (၂၂.၃.၂၀၂၁) ရက် (တနင်္လာနေ့) မှစတင်၍ ကညနရုံးများ၌ ပြန်လည် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ခရီးသည်တင်ယာဉ်များမှ အပ အခြားယာဉ်များအားလုံးကို ယာဉ်စစ်ဆေးခြင်းကင်းလွတ်ဖြင့် သက်တမ်းတိုးပေးမည် ဖြစ်ကြောင်း သိရသည်။
ကညနရုံးများ၌ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်အသစ်များ ကနဦးမှတ်ပုံတင်ခြင်းကို (၁.၁၂.၂၀၂၀) ရက်နေ့ကတည်းက စတင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ COVID-19 ကာကွယ် ထိန်းချုပ်ကုသရေးဗဟိုကော်မတီ၏ ခွင့်ပြုချက်အရ ဒုတိယအဆင့်အဖြစ် မော်တော်ယာဉ် နှစ်လဲ သက်တမ်းတိုးလုပ်ငန်းကို ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။
မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ၏ မှတ်ပုံတင်သက်တမ်း ကုန်ဆုံးသည့် လအလိုက် မပျက်မကွက် သက်တမ်းတိုးဆောင်ရွက်ရမည့် သတ်မှတ်ကာလများကို ကညနက အသိပေး ကြေညာထားပြီး ၎င်းသတ်မှတ်ကာလအတွင်း အချိန်မီသက်တမ်းတိုးမှသာ ဒဏ်ကြေး ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။ အလားတူ သက်တမ်းတိုးရန် တစ်ဆက်တည်း(၅)နှစ်ကျော် ပျက်ကွက်ခြင်းကြောင့် မှတ်ပုံတင်ဖျက်သိမ်းခြင်း မခံရစေရေးအတွက် အချိန်မီ သက်တမ်းတိုး ရမည့် သတ်မှတ်ကာလများကိုလည်း အသိပေးကြေညာထားကြောင်း တွေ့ရှိရသည်။
COVID-19 ကြောင့် ဒုတိယအကြိမ် လုပ်ငန်းရပ်ဆိုင်းထားခဲ့ရသည့် ကာလ(၆)လကျော်ရှိသည့် အတွက် ၎င်းလုပ်ငန်းအကြွေးများကို အချိန်မီ ပြန်ဆပ်နိုင်ရန်အတွက် ယာဉ်စစ်ဆေးခြင်းမပြုဘဲ သက်တမ်းတိုးပေးရခြင်းဖြစ်ကြောင်း၊ သို့သော် Road Safety ဖြစ်စေရေး အရေးကြီးသည့် အများပြည်သူ သယ်ယူပို့ဆောင်သည့် ခရီးသည်တင်ယာဉ်များကိုမူ ယာဉ်စစ်ဆေး ကင်းလွတ် ခြင်းမပြုဘဲ ယာဉ်စစ်ဆေးပြီး Road Safety ဖြစ်မှသာ သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း၊ ရုံးပြန်လည်ဖွင့်လှစ်သည့် (၂၂.၃.၂၀၂၁) ရက်မှ (၃၀.၉.၂၀၂၁) ရက်အထိ ဖြေလျှော့ကာလအတွင်း ၉/၂၀၂၁ လအထိ သက်တမ်းကုန်ဆုံး၍ သက်တမ်းတိုး လာရောက်ဆောင်ရွက်သည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအပြင် နယ်ဝင်/နယ်ထွက်နှင့် အမည်ပြောင်း ဆောင်ရွက်မည့် ယာဉ်များကိုပါ ယာဉ်စစ်ဆေးခြင်းမပြုဘဲ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ သို့ပါ၍ ရုံးများသို့ ယာဉ်ယူဆောင်လာရန်မလိုဘဲ သက်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများဖြင့်သာ လုပ်ငန်းဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။
ထို့ပြင် ကညန၌ နှစ်လဲသက်တမ်းတိုးပြီး၍ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၌ လုပ်ငန်းလိုင်စင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းသုံးယာဉ်များ အဆင်ပြေစွာ လုပ်ငန်းလိုင်စင် သက်တမ်းတိုးနိုင်စေရေးအတွက် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနရုံးများကိုလည်း (၂၂.၃.၂၀၂၁) ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တပြိုင်တည်း ဖွင့်လှစ်ဝန်ဆောင်မှုပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)