Skip to main content

ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် မတ် ၁၇ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့ နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံနှင့် သပိတ်ကျင်းမြို့နယ် တကောင်း တိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ် ယင်းတော် တိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့နယ် ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံနှင့် လက်ပံတန်းမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများ လာရောက်ကုသပေး နိုင်ပါရန် အကူအညီတောင်းခံမှုကြောင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်နယ်များအလိုက် တပ်မတော်ဆေးရုံမှ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးကုသ ရေးအဖွဲ့အား စေလွှတ်၍ ရောဂါဝေဒနာ ခံစားနေရ သည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ အဆိုပါ ဆေးရုံများ၌ တပ်မတော် ဆေးကုသရေး အဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆက်လက် ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက် ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိတာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ ဒေသခံပြည်သူများအား ဆေးကုသ ပေးထားမှုအခြေအနေများ၊ ကျန်းမာရေးတိုးတက် ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး စားသောက် ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထိုသို့ ကျန်းမာရေး စောင့်ရှောက်ပေးမှုအပေါ် ဒေသခံပြည်သူများအနေဖြင့် အထူးပင် ကျေးဇူးတင်ဝမ်းမြောက်လျက် ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်