နေပြည်တော် မတ် ၁၇
၂၀၂၁ ခုနှစ်၊ မတ် ၁၇ ရက် ညနေ ၄ နာရီကျော်ခန့်တွင် မြင်းခြံမြို့ အမှတ် (၁၃) ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ကျိုက်ထီးရိုး လမ်းထောင့်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်းမှ ဝါးကပ်မိုး၊ ထရံကာ အလျားပေ ၄၀၊ အနံ ၁၅ ပေအကျယ်အဝန်းရှိသည့် အဆောက်အအုံ တစ်လုံး မီးလောင်နေကြောင်း သိရှိရသဖြင့် မီးသတ်ယာဉ် ၆ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ရွာလူထုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မီးငြှိမ်းသတ်ရာ ညနေ ၄ နာရီ ၅၅ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
ဖော်ပြပါဖြစ်စဉ်အား စိစစ်ခဲ့ရာ မီးမလောင်မီအချိန်တွင် ဆိုင်ကယ်တစ်စီးနှင့် လူနှစ်ဦးသည် ၎င်းစာသင်ကျောင်း၏ အနီးပတ်ဝန်းကျင်သို့ ရောက်ရှိလာပြီး ၎င်းတို့လက်တွင် ကိုင်ဆောင်လာသော မီးကွင်းနှင့် ဓာတ်ဆီပုံးများအား မီးရှို့၍ ကျောင်းဝင်းအတွင်းသို့ ပစ်ခတ်ခဲ့ပြီး ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဝေးမှခြောက်လှန့်ပစ်ခတ် ခဲ့သည်။
အကြမ်းဖက်လုပ်ရပ်ကို လုပ်ဆောင်နေသူများအနေဖြင့် မီးကွင်းပစ်ခတ်၍ မီးရှို့ခြင်း၊ အဖျက် အမှောင့်လုပ်ရပ်များကို ပြည်သူလူထုအား မထောက်ထားမညှာတာဘဲ လုပ်ဆောင်နေမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အထူးသတိပြုကာ ထိရောက်စွာတားဆီးထိန်းသိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025