Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အတားအဆီးများရှင်းလင်းဖယ်ရှားစဉ် လူစုလူဝေးက ရန်ပြုအကြမ်းဖက်သဖြင့် ဖြိုခွဲထိန်းသိမ်းရာ အမျိုးသားတစ်ဦးသေဆုံး

နေပြည်တော် မတ် ၁၇ နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူ လူစုလူဝေးများ အနေဖြင့် လမ်းများအား အကြောင်းမဲ့ပိတ်ဆို့တားဆီးခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လမ်းကြောင်းရှင်းလင်းရေး ဆောင်ရွက်စဉ်တွင် ရန်ပြုမှုများအား နေရာအနှံ့အပြားတွင် တွေ့ရှိလာရသည်။ ၂၀၂၁ ခုနှစ် မတ် ၁၇ ရက် နံနက် ၁၀ နာရီခွဲတွင် ကလေးမြို့ တောင်ဖီလာရပ်ကွက် ကျန်စစ်သားလမ်းနှင့် တောင်ဖီလာလမ်းထောင့်တွင် အကြမ်းဖက်လူစုလူဝေး အင်အား ၃၀ ကျော်ခန့်သည် ကားလမ်းပေါ်တွင် အတား အဆီးများ ပြုလုပ်ခြင်းနှင့် ကားတာယာကွင်းများအား အင်ဂျင်ဝိုင်လောင်း၍မီးရှို့ကာ အော်ဟစ်ဆူပူဆန္ဒပြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား လေးခွဖြင့် ပစ်ခတ် ခြင်းများ ဆောင်ရွက်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် လူစုခွဲရန် အကြိမ်ကြိမ်သတိပေးသော်လည်း လိုက်နာမှုမရှိဘဲ ဆူပူအကြမ်းဖက်သူများအနေဖြင့် စိတ်ကြွ မူးယစ်ဆေးဝါးများ သုံးစွဲထားသူများ၏ ပုံသဏ္ဌာန်ကဲ့သို့ အဆင်အခြင်မဲ့စွာ ဆက်လက်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိ ရပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေနှင့်အညီ တားမြစ်မှုများကို လိုက်နာမှုမရှိသဖြင့် အဓိကရုဏ်း နှိမ်နင်းရေးလက်နက်များအသုံးပြု လူစုခွဲရေးဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်တွင် လူစုကွဲသွားခဲ့သည်။ ဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်ဆန္ဒပြသူ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ကြောင်း သိရှိရပြီး သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ သေမှုသေခင်းရေးဖွင့်ကာ လိုအပ်သည့် ရဲလုပ်ငန်းများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရဲပြန်ကြား