ဦးမြင့်ဦး
ရန်ကုန် မတ် ၁၇
လတ်တလော နိုင်ငံတစ်ဝန်း CDM (Civil Disobedience Movement) လှုပ်ရှားမှု၊ ဆူပူအကြမ်းဖက်မှု အခြေအနေများနှင့် ပတ်သက်၍ ပြည်သူများအကြားသာမက ဝန်ထမ်းများအကြားပါ သွေးကွဲမှုများ ဖြစ်လာနေသည်။ CDM လှုပ်ရှားမှုသည် ဒီမိုကရေစီလမ်းစဉ်ကို ဆန့်ကျင်နေပြီး အဖျက်အမှောင့်လုပ်ရပ်များကိုသာ ဦးတည်နေသည်။ တိုင်းပြည်အေးချမ်းတည်ငြိမ်မှုကို မလိုလားသော လူတချို့က နိုင်ငံရေး အမြတ်ထုတ်၍ နိုင်ငံ့ဝန်ထမ်းများအား မက်လုံးပေး သွေးထိုးနေသည့် လုပ်ရပ်များကြောင့် နိုင်ငံတစ်ဝန်း အလုပ်လက်မဲ့နှုန်း မြင့်သထက် ပိုမိုမြင့်လာတော့မည်။ CDM လှုပ်ရှားမှုကို အကြောင်းပြုကာ ဝန်ထမ်းထု အကြား ဖြစ်ပေါ်ကြုံတွေ့နေမှုများအား ပြန်လည်မျှဝေရေးသား ဖော်ပြလိုက်ပါသည်။
နွေးနွေးထွေးထွေးကြိုဆို
“ ဟုတ်ကဲ့ ကျွန်မ ရုံးပြန်တက်နေတာ တစ်ပတ်ရှိပါပြီ။ CDM လှုပ်ရှားမှုမှာ ရောယောင်ပါသွားပြီး ရုံးပြန်တက်ရင်ရုံးက အရာရှိတွေနဲ့ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေက နောက်ပြောင်ကြမယ် ထင်ခဲ့ တာ။ တကယ်တော့ ဆရာတွေကရော၊ လက်ဖော်ကိုင်ဖက်တွေကပါ နွေးနွေးထွေးထွေးကြိုဆို ဆက်ဆံကြပါတယ်။ ကျွန်မဘဝမှာ နောင်တအကြီးကြီး ရရတော့မလို့။ တော်သေးတာပေါ့ ဝန်ထမ်းအစ်ကို တစ်ယောက်ကရော၊ အမေကပါ နင်တန်ဖိုးထားဖြစ်ချင်ခဲ့တဲ့ ဝန်ထမ်း အလုပ်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီလားလို့ ကျွန်မကို မေးကြ တယ်လေ။ သူတို့ အဲဒီလိုခဏခဏမေးလို့ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစား ကြည့်လိုက်မှ ဘာမှမဟုတ်ဘဲ ရောယောင်ပြီး သူများ CDM ဆို လိုက် CDM လိုက်တဲ့ကျွန်မကိုကျွန်မ ပြန်တွေးမိတယ်။ တကယ်တော့ အွန်လိုင်းပေါ်မှာရော၊ လုပ်ဖော်ကိုင်ဖက် အချို့ရော၊ သူငယ်ချင်းတွေကပါ ဖုန်းတွေနဲ့ဆက်ပြီး CDM မလုပ်ဘူးလားဆိုပြီး ပြောကြလွန်းလို့ သာ CDM လှုပ်ရှားမှုထဲ ပါသွားခဲ့တာ။ ကျွန်မက ဘယ်ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမှ လည်း မရှိပါဘူး။
“ အခု CDM လှုပ်ရှားမှုမှာ ပါဝင်သွားတဲ့ သူငယ်ချင်းအချို့ ကတော့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတွေ ရှိကြတယ်။ သူတို့ခံယူချက်နဲ့သူတို့ပါ။ ကျွန်မ ကျတော့ အဲဒီလောက်ကြီးအထိအစွန်းမရောက်ဘူး။ ပြီးတော့ ခုကျွန်မ ဖြစ်တည်နေတဲ့ ဝန်ထမ်းဘဝကိုလည်း အတိုင်းအတာတစ်ခုအထိ ကျေနပ်ပါတယ်။ တချို့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းအချို့ ဆို လုပ်သက်လည်းများ၊ အထိုက်အလျောက်လည်း လုပ်ငန်းကျွမ်းကျင်ကြတဲ့ အတွေ့အကြုံရင့်၊ ဝါရင့် ဝန်ထမ်းကြီးတွေပါကြတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မကတော့ CDM လှုပ်ရှားမှုထဲ ပါဝင်သွားတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အလုပ်မဖြုတ်ခင် ကျွန်မလို ရုံးအမြန်ပြန်တက်စေချင် ပါတယ်” ဟု CDM လှုပ်ရှားမှုတွင် ပါဝင်ပြီး အမြင်မှန်ရကာ လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်လာသော ဌာနတစ်ခုမှ ဒုကြီးကြပ်ရေးမှူး တာဝန်ထမ်းဆောင်နေသော ဒေါ်နီနီလှိုင် (အမည်လွှဲ) က ပြောသည်။
ယခုရက်ပိုင်းအတွင်း ဝန်ကြီးဌာနများမှ CDM လှုပ်ရှားမှုထဲ ပါဝင် သွားသော နိုင်ငံဝန်ထမ်းများမှာ နိုင်ငံရေးခံယူချက်၊ ပုဂ္ဂိုလ်စွဲ၊ ပါတီ အစွဲများကြောင့် စိတ်ခံစားမှုကို ရှေ့တန်းတင်ကာ နိုင်ငံရေးဆူပူ အုံကြွမှု ထဲပါဝင်သွားသူများရှိသကဲ့သို့ ဌာနတွင်း မကျေနပ်မှုများကြောင့်လည်း CDM လှုပ်ရှားမှုထဲ ပါဝင်သွားသူများရှိသည်။ ရောယောင်ကာ CDM လှုပ်ရှားမှုအတွင်း ပါဝင်သွားသူ ဝန်ထမ်းအချို့ ယခုအခါ ဌာနဆိုင် များတွင် ပြန်လည်အလုပ်ဝင်ရောက် လုပ်ကိုင်နေကြသည်ကို တွေ့ရသည်။
ရုံးကယူထားတဲ့ ချေးငွေတွေကို ပြန်ဆပ်ကြရ
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးတစ်ခု တွင်ရုံးအုပ်တာဝန်ထမ်းဆောင်နေသော ဦးမြင့်ဦး (အမည်လွှဲ) ကလည်း “ခုရက်ပိုင်းအတွင်း ဦးတို့ရုံးမှာတော့ အထက်က CDM လှုပ်ရှားမှု မှာပါဝင်တဲ့သူတွေကို လစာထုတ်ပေးမပေးနဲ့၊ သူတို့အနေနဲ့ ဌာနအတွင်း
ချေးယူထားတဲ့ ငွေတွေ ရှိ မရှိ တင်ပြရတာတွေ ရှိပါတယ်။ အထက်က ဘယ်လိုဆောင်ရွက်လဲတော့ မသိသေးဘူး။ တချို့ CDM လှုပ်ရှားမှုမှာ ပါဝင်သွားတဲ့ ဝန်ထမ်းအချို့က ငွေစု၊ ငွေချေး ကိစ္စရပ်တွေ ရှိနေသေး တယ်။ ပြီးတော့ နိုင်ငံတော်က ထုတ်ချေးထားတဲ့ နှစ်လစာ ချေးငွေ တွေလည်း ရှိနေတော့လည်း ဘယ်လိုဆုံးဖြတ်ကြမလဲတော့ မသိ သေးဘူး။ နေပြည်တော် ရုံးချုပ်ကနေ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ ညွှန်ကြားမှာပါ။ CDM လှုပ်ရှားမှုထဲ ပါဝင်တဲ့ ဝန်ထမ်းတွေရဲ့ စာရင်း ကတော့ တင်ထားပြီးပါပြီး။ CDM လှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ ဝန်ထမ်း အချို့ဆို ရုံးက ငွေစုငွေချေးလည်းယူထား၊ ပြင်ပပုဂ္ဂလိက ဘဏ်တွေ ကလည်း ချေးငွေတွေယူထားကြတာတွေ ရှိတယ်။ အဲဒီအပေါ်မှာတော့ တချို့ရုံးတွေက CDMလှုပ်ရှားမှုပဲဆက်လုပ်သွားမယ်ဆို ရုံးကယူထားတဲ့ ချေးငွေတွေကို ပြန်ဆပ်ကြရတယ်ကြားတယ်။ ကျွန်တော်တို့ ရုံးကတော့ ဘယ်လိုမျိုး ညွှန်ကြားချက်တွေပေးမလဲ မသိသေးပါဘူး။
“ကျွန်တော့်အမြင်ပြောရရင် ဒီ CDM လှုပ်ရှားမှုက ဌာနဆိုင်ရာ ဝန်ထမ်းတွေ အတော်လေးကို နစ်နာမှုတွေ များကြတယ်။ အထူးသဖြင့် CDM လှုပ်ရှားမှုမှာ ပါဝင်ကြတဲ့သူတွေပေါ့။ တချို့ CDM လှုပ်ရှားမှုလုပ်ကြတဲ့ သူငယ်ချင်းတွေ တစ်ဖက်က ထောက်ပံ့ငွေရကြတယ်။
တချို့ကျတော့လည်း မရကြဘူး။ မရတဲ့သူတွေဆို ရုံးဘက်ကလည်း လစာလာမထုတ်ရဲဘူးဆိုရင် သူတို့တစ်တွေ နှစ်ဖက်စလုံးမရကြတော့ အတော်လေးကို အခက်အခဲဖြစ်ကြတာ တွေ့ရတယ်။ အခုဆို ချေးငွေတွေနဲ့ပတ်သက်ပြီး ကျွန်တော် ထောက်ခံပေးထားတဲ့ ဝန်ထမ်းနှစ်ဦး ရှိတယ်။ သူတို့နှစ်ဦးစလုံးက CDM လှုပ်ရှားမှုထဲ ပါသွားကြတော့ ဘယ်လိုတွေတောင် ဖြစ်မလဲမသိသေးဘူး။ ကျွန်တော် စိုက်လျော်ရမယ်ဆိုရင်လည်း ခုရတဲ့လစာနဲ့ မိသားစု တစ်လတစ်လ အလျဉ်မီအောင် လုပ်နေရတာ။
ဂိမ်းတွေဆော့နေကြတာထက် စာတွေများများဖတ်စေချင်တယ်
“အခုအချိန်က ပိုဆိုးတာပေါ့။ အခုဆို တိုင်းပြည်မငြိမ်မသက် ဖြစ်တာနဲ့ အလုပ်အကိုင်တွေကလည်း မရှိကြ။ ဒီကြားထဲ ဘဏ်တွေ ကလည်း ပိတ်ထားတော့ ပိုဆိုးကုန်တာပေါ့။ အခုဆို ကုန်ဈေးနှုန်း တွေကလည်း တက်လာတော့ အတော်လေးကို အခြေအနေက ယိမ်းယိုင်လာတယ်။ ဒီအချိန်မှာ လမ်းထွက်အော်နေတဲ့ ကလေးတွေ ကြည့်ပြီး နိုင်ငံအတွက် ပိုရင်လေးမိတယ်။ တိုင်းပြည်အနာဂတ်က တကယ်တော့ သူတို့လက်ထဲမှာလေ။ သူတို့တွေ အခုလို လမ်းပေါ်ထွက် ဆူပူဆန္ဒပြနေတာက ဘာအကျိုးမှ ထူးလာမှာမဟုတ်ဘူး။ ပြည်ပ နိုင်ငံရေး အမြတ်ထုတ်သူတွေက မြှောက်ပေးနေကြတာကို ဒီကမသိနားမလည်တဲ့ လူငယ်တွေက အဟုတ်ထင်နေကြတာ။ အသက်ပေးလိုက် ရတာက ကလေးအရွယ်တွေ။ ကျွန်တော်ကတော့ လူငယ်တွေကို ဂိမ်းတွေနေကြတာထက် စာတွေများများ ဖတ်စေချင်တယ်။
ကျွန်တော့် အမြင်ပြောရရင် ဒီ CDM လှုပ်ရှားမှု မြန်မြန်အဆုံးသတ်မှ နိုင်ငံလည်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍပေါင်းစုံ နာလန် ပြန်ထူလာမယ်လို့မြင်တယ်” ဟု CDM လှုပ်ရှားမှုနှင့်ပတ်သက်၍ သူ၏ အမြင်ကို ဖွင့်ဟခဲ့သည်။
နိုင်ငံတစ်ဝန်း CDM လှုပ်ရှားမှုကို အကြောင်းပြုကာ ဌာနအတွင်း ရပ်တည်ချက် ခိုင်မာမှုရှိသော ဝန်ထမ်းများရှိသလို၊ ဝေခွဲမရဖြစ် နေသည့် ဝန်ထမ်းများလည်း ရှိနေသည်ကို မြင်တွေ့နေရသည်။ တချို့ ဝန်ထမ်းများ CDM လှုပ်ရှားမှုထဲသို့ အပြီးဝင်ရောက်သွားသူများ ရှိသကဲ့သို့ အမြင်မှန်ရကာ ဌာနတွင်း ပြန်လည်ဝင်ရောက်လုပ်ကိုင် နေသူများလည်း ရှိနေသည်။ လူအမျိုးမျိုး စိတ်အဖုံဖုံ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်ရှိသော်လည်း အမှားနှင့်အမှန် ဝေဖန်ခွဲခြားနိုင်သူများသာ ဘဝအေးချမ်းမှုကို ပိုင်ဆိုင်နိုင်ကြကြောင်း ရေးသားဖော်ပြလိုက် ရပါသည်။
အင်တာဗျူး- မြင့်မိုရ်
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025