Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) သို့ သွားရောက် ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၂၆ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်) သို့ သွားရောက်၍ ငွေသွင်း/ ငွေထုတ် ဆောင်ရွက်နေမှုများ၊ အစိုးရဌာနအဖွဲ့အစည်းများသို့ လစာထုတ်ပေးနေမှုများနှင့် ဘဏ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ ဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ မန်နေဂျာများနှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြန်မာ့စီးပွားရေး ဘဏ် မန်နေဂျာများကို ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံ၍ နိုင်ငံအဝန်း အမြို့မြို့အနယ်နယ်ရှိ မြန်မာ့စီးပွားရေး ဘဏ်များတွင် မိဘပြည်သူများအတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား အဆင်ပြေ စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို မှာကြားသည်။ ပြည်ထောင်စုဝန်ကြီးက လတ်တလောကာလ အခြေအနေများအတွင်း အခက်အခဲများကြားမှ ဘဏ်ဝန်ထမ်းများက ပင်စင် လစာများနှင့် ဝန်ထမ်းလစာများကို အဆင်ပြေစွာ အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု များနှင့် ဘဏ်လုပ်ငန်းပုံမှန် ဆောင်ရွက်နေမှုများအတွက် ဝန်ထမ်းများအား ကျေးဇူးတင်ရှိ ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏တာဝန်များကို နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် တာဝန်ကျေပွန်စွာ ဆက်လက် ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)