နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၄
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာအခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီ ကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ပမှ ဆရာဝန်များ သည်လည်း ၎င်းတို့၏သဘောဆန္ဒအလျှောက် ကုသရေးလုပ်ငန်းများတွင် လာရောက်ပူးပေါင်း ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။
ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများသို့ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၂၇၉၉၇ ဦး၊ အတွင်းလူနာ ၃၂၁၃ ဦးကို လွှဲပြောင်းခဲ့ပြီး တပ်မတော်မှ ပါရဂူများ၊ ဆေးမှူး များ၊ သူနာပြု များဖြင့် ပြည်သူများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများ အား ခွဲစိတ် ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင် စားသောက်ရေး အဆင်ပြေစေရန် အတွက် စီမံဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသ ရန်လိုအပ်သူ ၁၂၁၀ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၆၃၃ ဦး၊ စုစုပေါင်း ၁၈၄၃ ဦး တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ် ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံအသီးသီးတွင် တက်ရောက် စေလျက် ရှိပြီး ၎င်းတို့အနက် ၇၀၃ ဦးကိုခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၁၀၈၈ ဦးကို သာမန် မွေးဖွား ပေးနိုင် ခဲ့ခြင်း ကြောင့် ယနေ့အထိ အနာဂတ်မျိုးဆက်သစ် ကလေးငယ် ၁၇၉၁ ဦးကို မွေးဖွားနိုင်ခဲ့သည်။ တိုင်းရင်းသား ပြည်သူများ အနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာပါက နီးစပ်ရာတပ်မတော်ဆေးရုံများသို့ အချိန်မရွေး ဆက်သွယ်ဆေးကုသမှု ခံယူနိုင်ကြောင်းနှင့် သက်ဆိုင်ရာဆေးရုံများမှလည်း လွှဲပြောင်း ကုသမှုခံ ယူနိုင်ကြောင်း သိရှိ ရသည်။
ယနေ့တွင် သက်ဆိုင်ရာမြို့နယ်များရှိ နယ်မြေခံတပ်မတော်ဆေးရုံများသို့ ဆေးရုံ လာရောက်ပြသသူများနှင့် ဆေးရုံတက်လူနာများအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု အားပေးပြီး ဆေးရုံတက်ရောက်ကုသမှု ခံယူနေသောလူနာများအတွက် စားသောက်ဖွယ်ရာများ ပေးအပ် ခဲ့ကြသည်။
အလားတူ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း နှင့်အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံနှင့် တောင်ကြီးမြို့ရှိ နယ်မြေခံဆေး တပ်ရင်း များသို့ ယနေ့နေ့လယ်ပိုင်းတွင် သွားရောက်၍ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံအတွက် အလှူငွေ ကျပ် သိန်း ၃၀ နှင့် ဆေးရုံဝန်ထမ်း များအတွက် အလှူငွေကျပ် ၁၆ သိန်း ၆ သောင်းတို့ကိုလည်းကောင်း၊ တောင်ကြီး မြို့ရှိ နယ်မြေခံ ဆေးတပ်ရင်းအတွက် အလှူငွေကျပ်သိန်း ၂၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိ သူများက အသီးသီးလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင် စကားများ ပြန်လည်ပြောကြားကြသည်။
ယင်းနောက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဆေးရုံနှင့်ဆေးတပ်ရင်းများ၌ ဆေးရုံ တက်ရောက်ကုသမှုခံယူလျက်ရှိသော သံဃာတော်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား လိုက်လံကြည့်ရှု အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်