Skip to main content

ဒလမြို့နယ်၌ ဒလ-ဖျာပုံ အဝေးပြေးယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲ

ရန်ကုန် ဖေဖော်ဝါရီ ၁၇ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိမြို့နယ်များသို့ ခရီးသည်များ ပြေးဆွဲပို့ဆောင်ပေးလျက်ရှိသော ခရီးစဉ်ယာဉ်လိုင်းများအနေဖြင့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူး စက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ပြေးဆွဲမှုမရှိဘဲ ရပ်နားထားခဲ့ရာမှ ဖေဖော်ဝါရီ ၁၆ ရက်တွင် စတင်ပြီး ယာဉ်လိုင်းအချို့ ပြန်လည်ပြေးဆွဲပေးလျက်ရှိသည်။ ဒလမြို့နယ်အဝေးပြေးကားဝင်း၌ ဒလ-ဖျာပုံ ပြေးဆွဲနေသော ထက်အောင်ကျော် ယာဉ်လိုင်းနှင့် ပိုင်ဧရာ ယာဉ်လိုင်းတို့ လက်ရှိအချိန်တွင် ခရီးသည်များ အဆင်ပြေစေရေးအတွက် ပြန်လည်ပြေးဆွဲလျက်ရှိပြီး သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်မှုများဖြင့် ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရန်ကုန်တိုင်းဒေသကြီး အခြေပြုပြေးဆွဲနေသော ဒလတွံတေး- ကော့မှူး- ကွမ်းခြံကုန်း မြို့နယ်များနှင့် လှိုင်သာယာမြို့နယ်များသို့ YBS ၄၇၊ YBS ၄၈၊ YBS ၄၉၊ YBS ၅၀ ယာဉ်လိုင်းများလည်း ခရီးသည်များ ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ ဒလမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အခြေပြုပြေးဆွဲနေသော ယာဉ်လိုင်း ပေါင်း ၂၃ လိုင်းရှိပြီး ယာဉ်အစီးရေ ပေါင်း ၂၉၄ စီးရှိကြောင်း၊ လက်ရှိအချိန်တွင် ခရီးလမ်းများ ပြန်လည်ပွင့်လာခြင်းကြောင့် ယာဉ်လိုင်းအချို့ ပြန်လည် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ နိုင်လင်းကျော် (ဒလ)