နေပြည်တော် ဖေဖော်ဝါရီ ၁၇
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပရန်နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီ အဆင့်ဆင့်ပြန်လည်ဖွဲ့စည်းရေး ဆွေးနွေးညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က မိမိတို့ဝန်ကြီးဌာနသည် ကိုယ်ဝန်ဆောင်ချိန်မှစ၍ သက်ကြီးရွယ်အိုအထိ ဝန်ဆောင်မှုများပေး၍ ဆောင်ရွက်နေရသော ဌာနတစ်ခုဖြစ်ပါကြောင်း၊ အမျိုးသမီးကဏ္ဍသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ လူမှုရေးနယ်ပယ်သည်လည်း ကျယ်ဝန်းပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် ၂၀၁၂ ခုနှစ်မှစ၍ နိုင်ငံတော်အဆင့် ကျင်းပခဲ့ခြင်းသည် ကောင်းမွန်သည့်အစဉ်အလာ ဖြစ်ပါကြောင်း၊ အမျိုးသမီးများအင်အားသည် တိုင်းပြည်အင်အား ဖြစ်ပါကြောင်း၊ ယခင်က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို နှစ်စဉ် ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ် မတ်(၈)ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကိုဗစ်-၁၉ အခြေအနေနှင့် ဆီလျော်သည့်ပုံစံဖြင့် ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးအဖြေရှာကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ၂၀၂၁ခုနှစ်၊ မတ်(၈)ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရန် ဆောင်ရွက်နိုင်မည့် အစီအစဉ်များနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ အဆင့်ဆင့်ပြန်လည် ဖွဲ့စည်းရန်အတွက် အဆိုပြုဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်က ဖြည့်စွက်အကြံပြုပြောကြားပြီး ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)