နေပြည်တော် ဖေဖော်ဝါရီ ၁၇
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဖေဖော်ဝါရီ ၁၄ ရက် က B.O.T စနစ်ဖြင့် ဆောင်ရွက်သော ဘုရားကြီး - ကျိုက်ထို - မော်လမြိုင်လမ်း (ဘုရားကြီး -ကျိုက်ထို အပိုင်း) တံတား ဆောင်ရွက်ထားရှိမှုကို လည်းကောင်း ၊ အရှေ့ - အနောက်စီးပွားရေး စင်္ကြန်လမ်းမ ကြီးအပိုင်းတွင်ပါဝင်သည့် ကျိုက်ထိုမြို့ရှောင်လမ်း ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း လမ်းတစ် လျှောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မော်လမြိုင် - သံဖြူဇရပ် - ရေး - ထားဝယ် လမ်းအပိုင်းကို (၂၄)ပေ အကျယ် ကတ္တရာကွန်ကရစ် (AC)ခင်းနေမှုကိုလည်းကောင်း၊ မိုင်တိုင်အမှတ် (၄၅/၀ နှင့် ၄၆/၀)အကြားရှိ ကလောပိတံတားကြံ့ခိုင်မှု၊ တံတား အဝင်/အထွက် ကျောက်ခင်းခြင်း၊ လမ်းသားရေတိုက်စားမှုကာကွယ်ရန် မြေထိန်းနံရံ တည်ဆောက်နေမှုကိုလည်းကောင်း၊ မိုင်တိုင် အမှတ် (၆၅/၄ မှ ၇၂/၇ အထိ) ကတ္တရာ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် (၂၄)ပေ အကျယ် နှစ်လမ်းသွားအဖြစ် လမ်းလယ်မျဉ်းဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ဖေဖော်ဝါရီ ၁၅ ရက်တွင် ထားဝယ်မြို့ရှောင်လမ်း ဆောင်ရွက် ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ တနင်္သာရီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသက်ဇော်ဝင်း က ထားဝယ်မြို့ရှောင်လမ်း ဆောင်ရွက်ထားရှိမှု၊ အဆိုပါ လမ်းပေါ်တွင် လမ်းဦးစီး ဌာန၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်မှ မိုင်တိုင် (၄ ဒသမ ၃ ကီလိုမီတာ နှင့် ၆ ကီလိုမီတာကြား တွင်) အရှည် (၁၂ ဒသမ ၁၉) မီတာ သံကူကွန်ကရစ်တံတား (၁)စင်းနှင့် အရှည် (၁၅ ဒသမ ၂၄) မီတာ သံကူကွန်ကရစ်တံတား (၁)စင်း၊ စုစုပေါင်း (၂)စင်း တည်ဆောက်ထားရှိမှုကို လည်းကောင်း၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေး အဖွဲ့(၄)မှ တာဝန်ရှိသူက ပေါက်တိုင်း တံတားတည်ဆောက်နေမှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က မိမိတို့ တိုင်း / ခရိုင် / မြို့နယ် အတွင်းရှိ လမ်း၊ တံတားလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုကြောင်း၊ ရန်ပုံငွေသုံးစွဲရာတွင်လည်း ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ သုံးစွဲရန်လိုကြောင်း ယခုမြို့ရှောင်လမ်း ဆောင်ရွက်ခြင်းဖြင့် မြို့တွင်းယာဉ်ကြော ပိတ်ဆို့မှုကို ဖြေလျှော့ပေးနိုင်မည်ဖြစ်ပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း၊ လုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်အချိန်မီပြီးစီးရေး ကြိုးပမ်း ဆောင်ရွက်ရန် မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဖေဖော်ဝါရီ (၁၆)ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် တိုင်းဒေသကြီးရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြား ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးများနှင့်တွေ့ဆုံပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူသည့်အချိန်မှစ၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်သော လမ်း၊ တံတားလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားများ ယခင်ကနှင့်မတူဘဲ ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင်ရပါကြောင်း၊ လမ်း၊ တံတားများ တိုးတက်ကောင်းမွန်အောင် လုပ်ငန်းများ ရပ်တန့်မနေဘဲ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ရမည် ဖြစ်ပါကြောင်း၊ ပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေရေး မိမိတိုင်း ဒေသကြီးအတွင်းရှိ လမ်း၊ တံတားများ တိုးတက် ကောင်းမွန်အောင် အလေးထား ဆောင်ရွက်ပေးရန် မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးအတွင်း တာဝန်ယူဆောင်ရွက်သည့် အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူး များက မိမိတို့တာဝန်ယူ ဆောင်ရွက်သည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)