Skip to main content

မြန်မာ့ဆန်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ရေးနှင့်စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ  ၁၇

မြန်မာ့ဆန်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ရေးနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို  ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် (၁) သိန်း တင်ပို့နိုင်ရန် G to G သဘော တူစာချုပ်များ လက်မှတ်ရေးထိုးထားပြီး မြန်မာနိုင်ငံကိုယ်စား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ပသို့ အချိန်တိုအတွင်း တန်းမြင့်ဆန် တန်ချိန် (၁) သိန်း တင်ပို့ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များပူးပေါင်း၍ Task Force ဖွဲ့စည်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆန်အပြင် အခြားလယ်ယာထွက်ကုန် တင်ပို့မှုများ အဆင်ပြေချောမွေ့စေရေးအတွက် ဝန်ကြီးဌာန များဘက်မှလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်တွင်း၌ စားနပ်ရိက္ခာ ဖူလုံရန် လိုအပ်သကဲ့သို့ စိုက်ပျိုးထုတ်လုပ်သူတောင်သူများ လူနေမှုအဆင့်အတန်း မြင့်မားစေရေး အတွက် သီးနှံများ ဈေးကောင်းရရှိရန် ပို့ကုန်ဈေးကွက်မှာ အရေးကြီးပါကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တန်းမြင့်ဆန်တန်ချိန် (၁) သိန်း တင်ပို့ရာတွင် လိုအပ်သည့် ဖြေလျှော့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အရေးကြီးသည့် Contract Farming စနစ်အောင်မြင်စေရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် အသင်းအဖွဲ့တာဝန်ရှိသူများနှင့် ကုန်သည်လုပ်ငန်းရှင်များက လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသည်။

အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး                  ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)