ရန်ကုန် ဖေဖော်ဝါရီ ၁၆
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန ဌာနမှူး ဒေါက်တာ တိုးအောင်တို့နှင့်အတူ ယနေ့နံနက် ပိုင်းက ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ စက်ရုံနှင့် မော်တော်ယာဉ်ဌာန (ပင်မဝင်း) သို့ သွားရောက်စစ်ဆေးသည်။
ထိုသို့ စစ်ဆေးရာတွင် စက်ရုံနှင့် မော်တော်ယာဉ်ဌာန၊ ဌာနမှူး ဦးစံရွှေ ထွန်းက (ပင်မဝင်း) အတွင်းရှိ စက်ယန္တရားများ စနစ်တကျထားရှိမှု၊ ယာဉ်စုအလိုက် ကားများ စနစ်တကျ ထားရှိမှု၊ ပင်မဝင်းအတွင်း လုပ်ကိုင် နေသည့် ဌာနနှင့် ပတ်သက်သော လုပ်ငန်းများကို အသေးစိတ်ရှင်းလင်းတင်ပြပြီး ရန်ကုန်မြို့တော်ဝန်နှင့် ဒုတိယမြို့တော်ဝန်တို့က မော်တော် ယာဉ်မောင်းများကို အားပေးစကား ပြောကြားကာ လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ယင်းဝင်း အတွင်းရှိ မီးဘေးကာကွယ်ရေး ရေလှောင်ကန်ကို ကြည့်ရှုစစ်ဆေး သည်။
ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည် ဒေါပုံမြို့နယ်ရှိ အင်ဂျင် နီယာဌာန (လမ်းနှင့် တံတား) လုပ်ငန်းခွင်ကို သွားရောက်၍ လမ်းတံတားဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့် ကတ္တရာကွန်ကရစ် ဘိလပ်မြေ ကွန်ကရစ်၊ စကြံဘလောက်တုံးများ ထုတ်လုပ်ပေးနိုင်ရေးအတွက်ကတ္တရာ ကွန်ကရစ် ဖျော်စက်၊ ဘိလပ်မြေ ကွန်ကရစ်ဖျော်စက်၊ စကြံဘလောက် တုံး ထုတ်လုပ်သည့် စက်များ ကြံ့ခိုင် ကောင်းမွန်ရေးအတွက် ကြပ်မတ် ညွှန်ကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒဂုံမြို့နယ်၊ ဦးဥတ္တမ (ကန်တော်မင်) ပန်းခြံရှိ ပန်းဥယျာဉ် နှင့် အားကစားကွင်းများ ဌာန ရုံးချုပ်တွင် ဌာနမှူး ဦးကိုကိုလင်းက ဌာန၏ လက်ရှိလုပ်ဆောင်နေသော ပန်းဥယျာဉ်ဆိုင်ရာ လုပ်ငန်းများနှင့် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းများကို အသေးစိတ် ရှင်းလင်းတင်ပြရာ မြို့တော်ဝန်နှင့် ဒုတိယမြို့တော် ဝန်တို့က မြို့တော်စိမ်းလန်းစိုပြည်ရေး အတွက် မြေယာရှုခင်းလုပ်ငန်းများကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်စေရန်နှင့် သတ်မှတ် ထားသည့် စည်းကမ်းများအတိုင်း ဆက်လက်လုပ်ဆောင်စေရန် မှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်