နေပြည်တော် ဖေဖော်ဝါရီ ၁၆
ပြည်သူများသွားလာရေး လွယ်ကူအဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတား ဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၄) က တာဝန်ယူတည်ဆောက် မည့် ကမြောကင်းတံတားသစ် ပန္နက်တင်အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ထားဝယ်မြို့ ထားဝယ်ဘက်ကမ်း
တံတားတည်ဆောက်ရေးစီမံကိန်း ဧရိယာအတွင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။ အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး တနင်္သာရီတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
လှူဖွယ်ပစ္စည်းများ ဆက်ကပ်
ရှေးဦးစွာ ဆရာတော် သံဃာတော်များထံမှ အန္တရာယ်ကင်း ပရိတ်တရား တော်များ နာယူပြီး ဆရာတော် သံဃာတော်များအား ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ကမြောကင်းတံတားသစ် ပန္နက်တင်ရန် မင်္ဂလာအချိန်တွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီး ကျော်ဇေယျ၊ ရဲမှူးကြီး ခင်ကျော်၊ ဦးယဉ်ထွေး၊ အတွင်းရေးမှူး ဦးခင်မောင်ကျော် နှင့် မြို့မိမြို့ဖ ဦးအောင်ဝင်းတို့က သတ်မှတ်နေရာများတွင် ပန္နက်တင်၍ အမွှေး နံ့သာရည်များ ပက်ဖျန်းပေးကြသည်။
စက်ခလုတ်နှိပ် ရိုက်သွင်း
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်တို့က ကမြောကင်း တံတားသစ် ပန္နက်ကို မင်္ဂလာအချိန်တွင် Vibro Hammer ဖြင့် စက်ခလုတ်နှိပ် ရိုက်သွင်းကာ (ဝဲပုံ)အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
တံတားအရှည် ပေ ၁၀၅၀
ယနေ့ပန္နက်တင်သည့် ကမြောကင်းတံတားသည် တနင်္သာရီတိုင်းဒေသ ကြီး ထားဝယ်ခရိုင် ထားဝယ် - ကမြောကင်း - မောင်းမကန်လမ်းပေါ်တွင် တည်ရှိပြီး အရှေ့ဘက်ကမ်းမှာ ထားဝယ်မြို့ဖြစ်ပြီး အနောက် ဘက်ကမ်းမှာလောင်းလုံမြို့နယ်ဖြစ်သည်။ တံတားအမျိုးအစားမှာ အပေါ်ထည် R.C Girder, P.C Girder, Steel Arch Truss နှင့် R.C Decking Slab ဖြစ်ပြီး တံတား တိုင်ကိုယ်ထည် R.C Concrete နှင့် အုတ်မြစ်ကို 1.2m O နှင့် 1.5 m O Bored Pile တို့ဖြင့် တည်ဆောက်ထားကာ စုစုပေါင်းတံတားအရှည် ပေ ၁၀၅၀၊
ယာဉ်သွားလမ်း အကျယ် ၂၄ပေ ၊ လူသွားလမ်းတစ်ဖက်လျှင် ငါးပေစီပါရှိကာ တံတားအောက် ရေလမ်းကင်းလွတ် အကျယ် ၁၆၄ ပေ အမြင့် ၁၆ ပေနှင့် တံတားခံနိုင်ဝန်မှာ AASHTOHS 25 ဖြစ်သည်။
ထားဝယ်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသော ယခင်တံတားဟောင်း သည် ၁၉၇၅ ခုနှစ်မှစ၍ အသုံးပြုခဲ့ကာ သက်တမ်းကြာမြင့်လာသည်နှင့်အမျှ ကြံ့ခိုင်မှုအားနည်းပြီး ယာဉ်ကြောပိတ်ဆို့မှုများလာသည့်အတွက် ယခုတံတား သစ်တစ်စင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက် ရေးအဖွဲ့ (၄) မှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး တံတားကြီး ပြီးစီးသွားပါက ဒေသခံပြည်သူများအပြင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများသွားလာရေး လွယ်ကူအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်