Skip to main content

တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၆

တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၂၄) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင် မှုရေးရာကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီ အဖွဲ့ဝင်များဖြစ်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဖိတ်ကြားထားသော ပြည်ထောင်စုဝန်ကြီးဌာန များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှု ရေးရာကော်မတီ ဥက္ကဋ္ဌ က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကော်မတီ ၅ ရပ် ဖွဲ့စည်းပေးထားပါကြောင်း၊ ယင်းတို့အနက် မိမိတို့ကော်မတီ အနေဖြင့် ဆောင်ရွက်ရန် ရှိသည့် လုပ်ငန်းတာဝန်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ကော်မတီ၏ မူဝါဒများ ၊လုပ်ငန်းစဉ်များနှင့် ရည်ရွယ်ချက်များကို ပြောင်းလဲမည် မဟုတ်ပါကြောင်း၊ မိမိတို့ ကော်မတီအနေဖြင့် လုပ်ငန်း တာဝန်များကို ဝိုင်းဝန်း ပူးပေါင်း ဆွေးနွေး၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီ၏ တွဲဖက်အတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်က ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များဖြစ်သည့် ကျွမ်းကျင်သူများ ခန့်ထားခြင်း၊ ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များခန့်ထားခြင်း၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ များအကြားအုပ်ချုပ်မှု အဆင်ပြေ ချောမွေ့စေရန် ပေါင်းစပ်ညှိနှိုင်းပေးခြင်းကိစ္စများ အပါအဝင် အစည်းအဝေးများ ကျင်းပခြင်း ကိစ္စတို့နှင့်စပ်လျဉ်း၍ ဆုံးဖြတ်ဆောင်ရွက် ပေးရသည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှု ရေးရာကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကော်မတီ၏ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သိလိုသည်များ ကို မေးမြန်းဆွေးနွေးပြီး တက်ရောက် လာသူများက ပြန်လည်ဆွေးနွေးကြသည်။

(သတင်းစဉ်)