နေပြည်တော် ဖေဖော်ဝါရီ ၁၅
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေ စေရန်အတွက် နယ်မြေခံတပ်မတော် သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံ ပေးဝေလှူဒါန်းလျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ထူးချောင်းကျေးရွာ၊ လှိုင်သာယာမြို့နယ် ရှမ်းချောင်းကျေးရွာ၊ ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းကျေးရွာ၊ ဘုံရှည် ကျေးရွာ၊ အမှတ်(၂၆/၂၇) ရပ်ကွက်၊ မှော်ဘီမြို့နယ်၊ လိမ္မုတ်ကျေးရွာနှင့် အောက်သဲကုန်း ကျေးရွာ တို့ရှိ အိမ်ထောင်စု ၆၀၀၀ တို့အတွက် ဆန်နှင့်ဆီများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် သွားရောက်ပေးအပ်သည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ထန်းတောကျေးရွာရှိ အိမ်ထောင်စု ၅၀၀ ၊ မကွေးတိုင်းဒေသကြီး မကွေးမြို့ ချမ်းမြေ့သာယာ ရပ်ကွက်မှ အိမ်ထောင်စု ၅၀၀ တို့အတွက် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို ပြည်သူ များ လက်ဝယ်အရောက် သွားရောက် ပေးအပ်သည်။
အလားတူ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ကင်းဆိပ်ကျေးရွာအုပ်စု စိန်ပန်းမြိုင်ကျေးရွာနှင့် ရွှေဥဩကျေးရွာတို့ရှိ အိမ်ထောင်စု ၁၀၀ အတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက ပြည်သူများ ၏လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်