ယင်းမာပင် ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပဘုရား ကပိုင် - အလောင်းတော် ကဿပဘုရားသွားလမ်း ရာသီဘုရား ဖူးလမ်းကို ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ( ၁၅ ရက် မွန်းလွဲ ၂ နာရီက ယင်းမာပင် ခရိုင်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ကပိုင်-အလောင်းတော် ကဿပ ဘုရားသွားလမ်း ရာသီဘုရားဖူးလမ်း ဖွင့်လှစ်ရေး နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အလောင်းတော်ကဿပ ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလင်းက ဘုရားဖူးလမ်း ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်အခြေ အနေများ၊ အလောင်းတော် ကဿပဘုရား လေးမြို့နယ်မှ နာယက ဆရာတော်များအား လျှောက်ထား ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းနောက် တက်ရောက်လာသူ များက ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး၊ ဘုရားဖူးပြည်သူများ လာရောက်သည့် အခါတွင်လည်း ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက် များနှင့်အညီ ဖူးမြော်နိုင်ရေးအတွက် ဆောင်ရွက်ရမည်တို့ကို အကြံပြု ဆွေးနွေးခဲ့ကြပြီး ဖေဖော်ဝါရီ ၂၃ ရက်တွင် ရာသီဘုရားဖူးလမ်းကို စတင်ဖွင့်လှစ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
အလောင်းတော်ကဿပ ဘုရား သို့ နှစ်စဉ်နှစ်တိုင်း ဘုရားဖူးရာသီတွင် တစ်နိုင်ငံလုံးရှိ မြို့နယ်အသီးသီးမှ ဘုရားဖူးရာသီလမ်းဖွင့်သည့် လေးလ တာကာလအတွင်း ဘုရားဖူးပြည်သူ အများအပြား လာရောက်ဖူးမြော်ကြ ပြီး ယခုနှစ်တွင် ရာသီဘုရားဖူးလမ်း စတင်ဖွင့်လှစ်မည့် ဖေဖော်ဝါရီ ၂၃ ရက်မှ စတင်၍ သွားလာ ဖူးမြော်နိုင်မည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ယင်းမာပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကနီမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ အလောင်းတော် ကဿပဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)