လွိုင်ကော် ဖေဖော်ဝါရီ ၁၄
ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်၊ ပုဂ္ဂလိကဘဏ်များ တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ကယားပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကူညီဆောင်ရွက်ပေးသွားမည်
ရှေးဦးစွာ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမြင့်ဝေက ကယားပြည်နယ် အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်၊ ပုဂ္ဂလိကဘဏ်များဖွင့်လှစ်ရာတွင် လုံခြုံရေး အခက်အခဲများရှိပါက ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်သဖြင့် ဘဏ်များဖွင့်လှစ် ဆောင်ရွက်ရာတွင် လုံခြုံရေးအခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် တာဝန်ရှိသူများ က လက်ရှိ ဆောင်ရွက်လျက်ရှိသည့် ဘဏ်လုပ်ငန်းအခြေအနေများကို တင်ပြကြရာ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမြင့်ဝေက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လုံခြုံရေးအခက်အခဲများရှိပါက ကြိုတင် တင်ပြဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကယားပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် အတွင်းရေးမှူး၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)