Skip to main content

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပဲခူး ဖေဖော်ဝါရီ ၁၄ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ယနေ့ မွန်းလွဲ ၁ နာရီက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံတော်အား ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိအောင် ဆောင်ရွက်လျက်ရှိရာ နိုင်ငံအတွက် အကျိုးရှိမည့် လုပ်ငန်းများအား ရပ်တန့်နေခြင်း မျိုးမရှိစေဘဲ မှန်မှန်ကန်ကန် မြန်မြန် ဆန်ဆန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ ဌာနများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး၊ တိုင်းရင်းသား ပြည်သူလူထု အားလုံး၏ အကျိုးစီးပွား သာယာ ဝပြောစေရေးနှင့် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် ဌာနအချင်းချင်း ညှိနှိုင်းတိုင်ပင်၍ အကောင်းဆုံး နည်းလမ်းများကို ရွေးချယ်ပြီး စေတနာထား ဆောင်ရွက်ရန်လိုကြောင်း ဌာနအတွင်းရှိ နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် ပြဋ္ဌာန်းထားရှိ ပြီးဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ ကို လေးစားလိုက်နာ ကျင့်သုံးစေရန်နှင့် တာဝန်ထမ်းဆောင် နေစဉ်ကာလ အတွင်း ပါတီနိုင်ငံရေးကင်းရှင်းစွာ နေထိုင်၍ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင် နိုင်စေရေး အတွက်ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့ပြနှင့် ကျေးလက်ဒေသဆင်းရဲချမ်းသာ ကွာဟမှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားရန်၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံရေးသမားများ၏ Social Media ပေါ်မှ ကောလာဟလသတင်းများ၊ သွေးထိုးလှုံ့ဆော်ခြိမ်းခြောက်မှုများအား မယုံကြည်ကြစေရန် အထူးလိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်မှုများ ပြုလုပ်လာပါကလည်း တိုင်ကြားနိုင်ရန် တယ်လီဖုန်းနံပါတ်နှင့် E-mail လိပ်စာများ နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်း အသိပေးထားပြီး ဖြစ်ကြောင်းနှင့် ခြိမ်းခြောက်မှုများကိုလည်း ထိထိ ရောက်ရောက် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို တင်ပြဆွေးနွေးရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ကောင်စီဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပဲခူးခရိုင်နှင့် ပဲခူးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သိရသည်။ တင်စိုး(ပဲခူး)