ရန်ကုန် ဖေဖော်ဝါရီ ၁၄ မြန်မာနိုင်ငံ၏ အထင်ကရ သမိုင်းဝင်စေတီတစ်ဆူဖြစ်သော မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပေါင်းလောင်းတောင်တန်းရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးကို ကိုဗစ်-၁၉ရောဂါ ဖြစ်ပေါ်မှုအခြေအနေတစ်ရပ်ကြောင့် ဘုရားဖူး ပြည်သူများအား ယာယီဖူးမြော်ခွင့်ပိတ်ထားရာမှ ယခုအခါ ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။
ပြန်လည်ဖွင့်လှစ်ထား
“ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီးကို ပြန်လည်ဖွင့်လှစ်ထားပါပြီ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက် ကတည်းကပါ။ မဖွင့်ခင်ကတည်းက ကျွန်တော်တို့ အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ လာရောက် ဖူးမြော်မယ့် ဘုရားဖူးပြည်သူတွေအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ စည်းကမ်း ချက်များနဲ့အညီ အားလုံးဆောင်ရွက် နိုင်အောင် စီစဉ်ထားပါတယ်” ဟု ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ခေါင်းဆောင် ဦးစိုးလှိုင်က ပြောသည်။
တစ်နှစ်နီးပါးကြာမြင့်ခဲ့
စေတီတော်ကြီးအား ဖူးမြော်ခွင့်ကို ၂၀၂၀ ပြည့်နှစ် မတ် ၂၁ ရက်မှ စတင်ကာ ဘုရားဖူး ပြည်သူများအား ဖူးမြော်ခွင့် ယာယီပိတ်ထားခဲ့ရာမှ ယခုစတင်ပြန်လည် ဖွင့်ချိန်တွင် တစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။ ပြန်လည် ဖွင့်လှစ်ရာတွင် လာရောက်ဖူးမြော်သူအများစုမှာ ခရီးဝေးမှ ဖြစ်ခြင်းကြောင့် ယခုရက်ပိုင်းတွင် ဘုရားဖူးပြည်သူ တစ်ရက် ၅၀၀ ကန့်သတ် ခွင့်ပြုပြီး လောလောဆယ်ကာလတွင် ဒေသခံပြည်သူအများစုသာ လာရောက်ဖူးမြော် လျက်ရှိသည်။
ဆံတော်ရှင် စေတီတော်ကြီးအား ကိုဗစ်-၁၉ ရောဂါ ကာလမတိုင်မီတွင် ပြည်တွင်း၊ ပြည်ပမှ နေ့စဉ်လာရောက် ဖူးမြော်သူ ရှစ်ထောင်မှ တစ်သောင်း ဝန်းကျင်ကြားရှိပြီး နှစ်စဉ် ဒီဇင်ဘာလ၊ ဇန်နဝါရီလများနှင့် ပွဲတော်ကာလများ၌ စေတီတော်အား လာရောက်ဖူးမြော်သူ များပြားလျက် ရှိသည်။ ပွဲတော်ကာလကိုလည်း ပွင့်လင်းရာသီဖြစ်သော သီတင်းကျွတ်လပြည့်မှ ကဆုန်လပြည့် အထိ နှစ်စဉ်ခုနစ်လတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး မိုးတွင်းကာလ တွင်လည်း စေတီတော်ကြီးကို လာရောက်ဖူးမြော်ချင်သူများအတွက် ဂေါပက အဖွဲ့ ကဦးစီးကာ ဖွင့်လှစ်ပေးလျက်ကြောင်း သိရသည်။
ယခုအခါ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ကြီးကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြီးခဲ့သော ဖေဖော်ဝါရီ ၈ ရက်က ဘုရား အမှူးပြုသော သံဃာတော် ၁၁ ပါးအား ပင့်ဖိတ်ကာ ဘုရားအနေကဇာတင်ခြင်း၊ ပရိတ်ရွတ်ခြင်း၊ ဩဝါဒခံယူခြင်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်းများ ပြုလုပ်ခဲ့ကာ စတင်ဖွင့်လှစ် ခဲ့သည်။ ယင်းသို့ စတင်ဖွင့်လှစ်သည့်ရက်မှာပင်တောင်ခြေကင်ပွန်းစခန်းမှ စေတီတော်ရင်ပြင်သို့ ဘုရားဖူးပြည်သူများ အဆင်ပြေပြေ ဖူးမြော်နိုင်ရန်အတွက် တောင်တက်ကားအဖွဲ့ များက စီစဉ် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ထိုက်အောင်ဝင်း