Skip to main content

အစဉ်မဖောက်မပြန်မှန်ကန်သည့်တရား

လောကအကျိုးစီးပွားကို မဖောက်မပြန် မှန်ကန်စွာ ဆောင်ကြဉ်းနိုင်စေရန်အတွက် မြတ်စွာ ဘုရားရှင်သည် ကာလာမသုတ်တရားတော်ကို မေတ္တာရှေ့ထား၍ ကောသလတိုင်းသား ကာလာမအမျိုးကောင်းသားတို့အား ဟောကြားတော်မူခဲ့ပါသည်။ အယူဝါဒတစ်ခုကို တစ်ဆင့်ကြားရုံမျှဖြင့် သို့တည်းမဟုတ် သူတစ်ပါး ဟောကြားသည်ကို ကြားရုံမျှဖြင့် ထိုအယူဝါဒကို မှန်သည်ဟူ၍လည်းကောင်း၊ မှားသည်ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။ အယူဝါဒတစ်ခု၏ ကျမ်းဂန် စာပေသည် မိမိတို့၏ ဘိုးဘေးအစဉ်အဆက် ဆင်းသက်လာသော မိရိုးဖလာ အယူဝါဒဖြစ်သည်ဟူ၍လည်း ထိုအယူဝါဒကို မှန်သည်ဟူ၍ လည်းကောင်း၊ မှားသည်ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။ အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် ဤအရာသည် ဤသို့ဖြစ်သည် ဟူသော ကောလာဟလ ဖြင့်လည်း သို့တည်းမဟုတ် ထိုအယူဝါဒကို ယုံကြည် ကိုးကွယ်သူများသည်ဟူ၍လည်း ထိုအယူဝါဒကိုမှန်သည်ဟူ၍ လည်းကောင်း၊ မှားသည်ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။ အယူဝါဒတစ်ခု၏ မိမိတို့ သင်ထားသော စာများနှင့် ညီညွတ်ရုံမျှဖြင့်လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည်ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။ အယူဝါဒတစ်ခု၏ မိမိကြံစည်ထားသော အကြံအစည် အတွေးအခေါ်နှင့် ကိုက်ညီသည် သို့တည်းမဟုတ် မိမိနှင့်အယူဝါဒချင်းတူသည်ဟူ၍လည်း ထိုအယူဝါဒကို မှန်သည်ဟူ၍ လည်းကောင်း၊ မှားသည်ဟူ၍ လည်းကောင်း မဆုံးဖြတ်သင့်ပေ။ အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကျ၍ သို့တည်းမဟုတ် ထိုအယူဝါဒကို သူတစ်ပါးတို့ ကိုးကွယ်ယုံကြည်သည်ဟူ၍လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည်ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။ အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် မိမိတို့ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ပုဂ္ဂိုလ်စွဲအားဖြင့် လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည်ဟူ၍လည်းကောင်း မဆုံးဖြတ် သင့်ပေ။ အယူဝါဒ တစ်ခု၏ ကျမ်းဂန်စာပေသည် ငါတို့၏ ဆရာစကားဖြစ်ရုံမျှဖြင့်လည်း ထိုအယူ ဝါဒကို မှန်သည်ဟူ၍လည်းကောင်း၊ မှားသည်ဟူ၍လည်းကောင်း မဆုံးဖြတ် သင့်ပေ။ အယူဝါဒတစ်ခုမှလာသော အဆုံးအမ လမ်းစဉ်တို့သည်ကောင်း လည်းမကောင်း၊ အပြစ်လည်း မကင်း၊ ပညာရှိတို့ ကဲ့ရဲ့စရာဖြစ်၏။ ထိုလမ်းစဉ် အတိုင်း ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတစ်ပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) စီးပွားမဲ့ ဒုက္ခရောက်ဖို့ ဖြစ်၏ဟု ကိုယ်တိုင် နားလည်လာသောအခါမှသာ ထိုအယူဝါဒကို စွန့်လွှတ်သင့်ပါသည်။ အယူဝါဒတစ်ခုမှလာသော အဆုံးအမ၊ လမ်းစဉ်တို့သည် ကောင်းလည်းကောင်း၊ အပြစ်တို့မှ လည်းကင်း၊ ပညာရှိတို့ ချီးမွမ်းစရာလည်း ဖြစ်၏။ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံလျှင် (မိမိအား လည်းကောင်း၊ သူတစ်ပါးအား လည်းကောင်း၊ လောကအားလည်းကောင်း) ကောင်းသော အကျိုးစီးပွားဖြစ် ဖို့သာရှိ၏ဟု ကိုယ်တိုင်နားလည် လက်ခံနိုင်သောအခါမှသာ ထိုအယူဝါဒကို စွဲမြဲစွာ လက်ခံသင့်ပါသည်။ ယင်းသည် ဖော်ပြလေ့ရှိသော မြတ်စွာဘုရားဟောကြားသည့် ကာလာမသုတ် အကျယ်ဖွင့်ဆိုချက် ဖြစ်ပါသည်။ ထိုကာလာ မသုတ်တရားတော်သည် မြတ်စွာဘုရားရှင်ဟောကြားခဲ့သည့် ယနေ့ထက်တိုင် မှန်ကန်နေသော တရားမြတ်ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် နောက်ပါသံဃာများနှင့် ဒေသစာရီကြွချီတော် မူရာ ကောသလတိုင်း ကေသမုတ္တမည်သော နိဂုံးရွာသို့ရောက်သောအခါ ဘုရားရှင်အား လာရောက်ဖူးမြော်ကြသော ကေသမုတ္တနိဂုံးသား ကာလာမ အမျိုးကောင်းသားတို့ မေးလျှောက်သော သာမဏဗြာဟ္မဏ တို့သည် မိမိ အယူဝါဒကိုသာလျှင် ပြပါကုန်၏။ ထွန်းပစေကုန်၏။ သူတစ်ပါး အယူဝါဒ ကိုမူကား ထိပါးပါကုန်၏။ မထီမဲ့မြင်ပြုပါကုန်၏။ ရှုတ်ချပါကုန်၏။ ချေဖျက်ပါကုန်၏။ အဘယ်မှန်သော စကားကို ဆိုပါသနည်း၊ အဘယ်မမှန်သောစကားကို ဆိုပါသနည်းဟု အကျွန်ုပ်တို့အား ယုံမှားခြင်း၊ တွေးတောခြင်း ဖြစ်ခဲ့ပါ၏ဟူသည့်အမေးကို လောကအကျိုးစီးပွားကို မဖောက်မပြန် မှန်ကန်စွာ ဆောင်ကြဉ်းနိုင်သော ကာလာမသုတ်တရားဖြင့် ဘုရားရှင်က ဤသို့ပြဆိုတော်မူခဲ့၏။ သို့ဖြစ်ရာ အယူဝါဒအမျိုးမျိုးကွဲပြားနေသော မျက်မှောက်ကာလတွင် ပေါ်ပေါက်လာသော စကားများ၊ နှိုးဆော်ချက်များအား မဖောက်မပြန် အမြဲတမ်းမှန်ကန်သည့် မှတ်ကျောက် တရားဖြစ်သည့် ဗုဒ္ဓဟောကြား ကာလာမသုတ်တရားဖြင့် အမှား၊ အမှန်ကို ဆုံးဖြတ်လုပ်ကိုင် ကြဖို့ အသိပေးအပ်ပါကြောင်း။