ရန်ကုန် ဖေဖော်ဝါရီ ၁၄
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးထိန်းချုပ် ကာလအတွင်း ရွှေတိဂုံစေတီတော်မြတ်ကြီး အား အများပြည်သူတို့က ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ လာရောက်ဖူးမြော်ကြည်ညို လျက်ရှိသည်။
စေတီတော်ကြီးကို တစ်နေ့တာအတွင်း နံနက် ၆ နာရီမှ ၇ နာရီ၊ ၈ နာရီမှ ၉ နာရီ၊ ၁၀ နာရီမှ ၁၁ နာရီအထိ သုံးကြိမ်၊ မွန်းလွဲပိုင်းတွင် ၁ နာရီမှ ၂ နာရီ၊ ၃ နာရီမှ ၄ နာရီ၊ ၅ နာရီမှ ၆ နာရီအထိ သုံးကြိမ် စုစုပေါင်း ခြောက်ကြိမ် ဖူးမြော်ကြည်ညိုနိုင်ပြီး တစ်ကြိမ်လျှင် ဦးရေ ၅ဝဝ ဖြင့် တစ်ရက်လျှင် ဘုရားဖူးဦးရေ ၃၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်ရာတွင် နှာခေါင်းစည်း တပ်လာရမည်။ ကိုယ်လက် ဆေးဖျန်းခြင်း၊ ကိုယ်အပူချိန် တိုင်းခြင်းအပြင် အမည်၊ နေရပ်လိပ်စာများ စာရင်းဖြည့်သွင်းပြီး တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ အနေအထားဖြင့် ဖူးမြော်ရမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့ ၏ တိုက်တွန်းချက်များအရ သိရသည်။
စေတီတော်ကြီးအား ယခင်ကိုဗစ်ကာလအတွင်း ၁၀ လကြာ ပိတ်ထားခဲ့ပြီး ယခုအခါ ပြည်တွင်း၌ ကိုဗစ်ရောဂါပိုးတွေ့နှုန်း သိသိ သာသာကျဆင်းလာမှုကြောင့် ဖေဖော်ဝါရီ ၉ ရက်မှ စတင်ကာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုမြင့်မောင်