တနင်္သာရီ ဖေဖော်ဝါရီ ၁၄
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နှင့် ဗောဓိကမ်းကျေးရွာ ဘက်ခြမ်းရှိ ကျေးရွာအုပ်စုများ သို့ ဆက်သွယ်ပေးမည့် ချောင်းငယ်မြစ်ကူး ဗောဓိကမ်းတံတား တည်ဆောက်ရေးစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့ (၄)က ၂၀၁၈ ခုနှစ် မေ ၁ ရက်နေ့မှစ၍ တာဝန်ယူ တည်ဆောက်လျက်ရှိရာ ယနေ့အချိန် အထိ တံတားတစ်စင်းလုံး၏ ၈၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး မတ် ၃၁ ရက်တွင် အပြီးသတ် ပြီးစီး နိုင်မည်ဖြစ်ကြောင်း တံတား တည်ဆောက်ရေးအဖွဲ့(၄)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းအောင်ထံမှ သိရသည်။
ယင်းဗောဓိကမ်း တံတားသည် အရှည် ၇၈၇ ပေ၊ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်း အကျယ်တစ်ဖက်လျှင် ၃ ပေ စီ၊ တံတားခန်းဖွင့်မှု ၃၀ မီတာ x ၈ ခန်းပါရှိပြီး တံတား အမျိုးအစားမှာ အောက်ခြေအုတ်မြစ် အချင်း ၁ ဒသမ ၂ မီတာရှိသော ဘိုးပိုင်ဖြစ်၍ ကိုယ် ထည်မှာ ကွန်ကရစ်၊ အပေါ်ထည်မှာ P.C Girder & Decking Slabı ရေလမ်းကင်းလွတ်အကျယ် ၆၆ ပေ၊ ရေလမ်း ကင်းလွတ်အမြင့် ၇ ပေ ဖြစ်ပြီး ခွင့်ပြုယာဉ်နှင့် ကုန်အလေးချိန် မှာ ၇၅ တန်ဖြစ်သည်။
အဆိုပါ ဗောဓိကမ်းတံတား စီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေကျပ်သန်း ၂၄၅၀ နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ ကျပ်သန်း ၁၁၅၀ တို့ဖြင့် ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗောဓိကမ်းတံတားသစ် မဆောက်လုပ်မီနှင့် လက်ရှိတည်ဆောက်နေစဉ် ကာလများတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် (တနင်္သာရီ-ဗောဓိကမ်း) လုပ်ငန်း လိုင်စင်ရ ကူးတို့ရေယာဉ် တစ်ခုတည်းကိုသာ အားထား၍ သွားလာနေရပြီး တံတားတည်ဆောက် ပြီးစီးပါက တနင်္သာရီမြို့၏ တစ်ဖက်ကမ်းဖြစ်သော ဗောဓိကမ်းကျေးရွာဘက် ခြမ်းတွင်ရှိကြသည့် ဆင်ခြေဖုံး ကျေးရွာအုပ်စု၊ ဘန်လောကျေးရွာ အုပ်စု၊ သကျက်ကျေးရွာအုပ်စု၊ ညောင်ပင်ကွင်း၊ တကူ၊ သာရဘွင်၊ သိန္ဓော၊ ကော့မပြင်း၊ သင်္ဘောဦး၊ သိန်ခွန်း စသည့် ကျေးရွာအုပ်စုကြီး များအပြင် မြန်မာ-ထိုင်း နယ်စပ် မောတောင်မြို့အထိ အချိန်မရွေး အလွယ်တကူ သွားလာနိုင်တော့မည် ဖြစ်သည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)