Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား တပ်မတော်ဆေးရုံများ၌ လက်ခံကုသ

နေပြည်တော် ဖေဖော်ဝါရီ ၁၃

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန် အတွက် မြို့နယ်အသီးသီးရှိ တပ်မတော် ဆေးရုံများ၌ ယာယီကုသရေး ဆေးရုံများဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ပမှဆရာဝန်များသည်လည်း ၎င်းတို့၏ သဘောဆန္ဒအလျောက် ကုသရေးလုပ်ငန်းများတွင် လာရောက်ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများသို့ ဖေဖော်ဝါရီ ( ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၇၄၅၄ ဦး၊ အတွင်းလူနာ ( ၃၁၇၆ ဦးကို လွှဲပြောင်းခဲ့ပြီး တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ပြည်သူများကို ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းနှင့် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ  နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် စီမံဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအနက် အကြီးစားခွဲစိတ်ကုသရန် လိုအပ်သူ ၃၁၅ ဦး၊ အသေးစားခွဲစိတ်ကုသရန် လိုအပ်သူ ၁၅၅ ဦး၊ စုစုပေါင်း ၄၇ဝ ဦးတို့ကို ခွဲစိတ်ကုသပေး နိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ထို့ပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံ အသီးသီးတွင် တက်ရောက်စေလျက်ရှိပြီး ၎င်းတို့အနက် ၁၈၉ ဦးကို ခွဲစိတ် မွေးဖွားပေးနိုင်ခဲ့ကာ ၂၉၀ ဦးကို သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ အနာဂတ် မျိုးဆက်သစ်ကလေးငယ် ၄၇၉ ဦးကို မွေးဖွားနိုင်ခဲ့သည်။

တိုင်းရင်းသားပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာပါက နီးစပ်ရာ၊ တပ်မတော်ဆေးရုံများသို့ အချိန်မရွေး ဆက်သွယ်ဆေးကုသမှု ခံယူနိုင်ကြောင်းနှင့် သက်ဆိုင်ရာ ဆေးရုံများမှလည်း လွှဲပြောင်းကုသမှုခံယူနိုင်ကြောင်း သိရှိရသည်။

ယနေ့တွင် သက်ဆိုင်ရာမြို့နယ်များရှိ နယ်မြေခံ  တပ်မတော်ဆေးရုံများသို့ ဆေးရုံလာရောက်ပြသသူများနှင့်  ဆေးရုံတက်လူနာများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှတိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဆေးရုံတက်ရောက်ကုသမှု ခံယူနေသော  လူနာများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်