Skip to main content

ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညို

နေပြည်တော် ဖေဖော်ဝါရီ ၁၃

COVID-19 ရောဂါဖြစ်ပေါ်မှု အခြေအနေများကြောင့် ဖူးမြော်ခွင့် ယာယီရပ်ဆိုင်းထားရှိသည့် နိုင်ငံ တစ်ဝန်းမှ ဘုရားစေတီပုထိုးများကို COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်း သာစွာ ဖူးမြော်ကြည်ညို တရားဘာဝနာ ပွားများနိုင်ရေးအတွက် ဖေဖော်ဝါရီ ၈ ရက်မှ စတင်၍ ဖူးမြော်ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးတို့ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိဘုရား၊ စေတီပုထိုးများ၌ လာရောက်ဖူးမြော် ကြည်ညိုကြသူ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ မိဘပြည်သူများ သည် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကုသိုလ်ယူလျက် ရှိကြသည်။

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား နေ့စဉ် နံနက် ၆ နာရီမှ ၇ နာရီအထိ လည်းကောင်း၊ နံနက် ၈ နာရီမှ ၉ နာရီအထိ လည်းကောင်း၊ နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ လည်းကောင်း နံနက်ပိုင်း ၃ ကြိမ်၊ မွန်းလွဲ ၁နာရီမှ ၂ နာရီအထိလည်းကောင်း၊ ညနေ ၃ နာရီမှ ၄ နာရီအထိ လည်းကောင်း၊ ညနေ ၅ နာရီမှ ၆ နာရီအထိလည်းကောင်း ဖူးမြော်နိုင်ရေး ဆောင်ရွက်ပေးထား ကြောင်း သိရသည်။

သတင်းစဉ်