နေပြည်တော် ဖေဖော်ဝါရီ ၁၃
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေးတစ်ရပ်ကို ဗြိတိန်နိုင်ငံ၏ ကမကထပြုမှုဖြင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပသည်။ အစည်းအဝေးတွင် ဗြိတိန်နှင့် အီးယူတို့မှ ဦးဆောင်၍ မြန်မာနိုင်ငံ၏ လတ်တလောအခြေအနေဆိုင်ရာ အဆိုမူကြမ်းတစ်ရပ် တင်သွင်းခဲ့သည်။
အဆိုမူကြမ်း မတင်သွင်းမီ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမြင့်သူက မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို ရှင်းပြခဲ့ရာတွင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဖေဖော်ဝါရီ ၁ ရက်က တပ်မတော်မှ တာဝန်ယူမှု၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် မူဝါဒများနှင့် အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအတွင်း ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်တို့ကို ဆက်လက် ကျင့်သုံးနေပါကြောင်း၊ မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကုလသမဂ္ဂနှင့် အပြုသဘော ဆက်လက်ထိတွေ့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိဖြင့် နိုင်ငံတစ်နိုင်ငံအပေါ် မျှတမှု မရှိဘဲ ဦးတည်အရေးယူသည့် အဆိုမူကြမ်းကို လက်မခံနိုင်ကြောင်း၊ အဆိုပါ ဖိအားပေးမှုများသည် သက်ဆိုင်ရာ နိုင်ငံ၏အခြေအနေကို ပိုမိုဆိုးရွားစေနိုင်ပြီး တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရာတွင် အနှောင့်အယှက်ဖြစ်စေကာ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မှု အတွက်လည်း အဟန့်အတားဖြစ်စေကြောင်း။
ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါဆုံးဖြတ်ချက် အဆိုမူကြမ်းကို သဘောမတူကြောင်း ပြောကြားသည်။
ဆုံးဖြတ်ချက်အဆိုမူကြမ်းတွင် တရုတ်၊ ရုရှား၊ ဗင်နီဇွဲလား၊ ဘိုလီးဗီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့က သဘောမတူ၊ မထောက်ခံကြောင်း (Dissociate) ပြောကြား ခဲ့သည်။
သတင်းစဉ်