Skip to main content

နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းအဝိုင်းအနီး၌ ဆူပူဆန္ဒပြသူများအား ထိန်းသိမ်းစဉ် ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဖေဖော်ဝါရီ ၁၀

လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်ပျက်ပြားစေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွား လာနိုင်သဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ကို ထုတ်ပြန်၍ လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ လူစုဝေးခြင်းမပြုရန် တားမြစ်ချက်များ ထုတ်ပြန်ထားပြီးဖြစ်သည်။

ထိုသို့ ထုတ်ပြန်ထားရှိသော်လည်း နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်းအနီး ၌ လူအင်အား ၁၅၀ ခန့်ပါဝင်သော ဆူပူဆန္ဒပြသူများသည် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းမှစတင်၍ ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ရုန်းရင်း ဆန်ခတ်ပြုမူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ယင်းသို့ လုပ်ဆောင်လျက်ရှိသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက လူစုခွဲရန် မေတ္တာရပ်ခံပြောဆိုခဲ့သော်လည်း လူစုခွဲခြင်းမရှိဘဲ ဆူပူဆန္ဒပြသူ ၁၀၀၀ ကျော်ခန့် အထိ စုဝေးလာခဲ့ကာကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ရုန်းရင်းဆန်ခတ် ပြုမူခြင်းတို့ကို လုပ်ဆောင်လာခဲ့သောကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ-၁၄၄ ကြေညာထားရှိကြောင်းနှင့် လူစုခွဲရန် လက်ကိုင်အသံချဲ့စက်များဖြင့် ထပ်မံသတိပေး ပြောကြားခဲ့သည်။

ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ကြေညာထားရှိသဖြင့် ဥပဒေကိုလေးစားလိုက်နာရန် အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း ဆူပူဆန္ဒပြသူများသည် မွန်းလွဲပိုင်းအထိ လူစုခွဲခြင်းမရှိသည့် အပြင် ပိုမိုအရှိန်မြှင့်၍ ဆူပူမှုအသွင်ဖန်တီးလာသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဆူပူ အကြမ်းဖက်မှုဖြိုခွဲရေး လုပ်ငန်းစဉ်များအတိုင်း ဥပဒေနှင့်အညီ ဆန္ဒပြလူအုပ်ကြီးအား လူစုခွဲနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဆူပူဆန္ဒပြသူများက လေးခွများ၊ ကျောက်ခဲ၊ အုတ်ခဲများ၊ တုတ်များဖြင့် ပစ်ပေါက်ခြင်း၊ ပြင်းထန်စွာထိခိုက်ဒဏ်ရာရစေနိုင်သော ကုန်းသီး၊ သံမူလီခေါင်းတို့ဖြင့် ပစ်ခတ်ခြင်း များ စသည့်အကြမ်းဖက်လှုပ်ရှားမှုများ ပြန်လည်လုပ်ဆောင်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဆူပူဆန္ဒပြသူများသည် ရဲတပ်ဖွဲ့ဝင်များအား ရန်လိုသည့်အပြုအမူများပါ ကျူးလွန်လာသဖြင့် မလွှဲသာမရှောင်သာ ပစ်ခတ်ထိန်းသိမ်းခဲ့ရာ ဆန္ဒပြသူခြောက်ဦး ဒဏ်ရာရရှိခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲခန့်မှသာ လူစုကွဲခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဆူပူဆန္ဒပြသူများအားထိန်းသိမ်းစဉ် ၎င်းတို့၏ အကြမ်းဖက်လုပ်ဆောင်မှုများကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာ အသီးသီး ရရှိခဲ့ပြီး ရဲအသုံးအဆောင်ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် ဆန္ဒပြသူ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 သတင်းစဉ်