Skip to main content

ပြည်နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၀

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကချင်ပြည်နယ်အတွင်း ပြည်ထောင်စုဘဏ္ဍာ/ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် လျာထားဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ အရှိန် အဟုန်မပြတ် ဆောင်ရွက်နိုင်ရေးအတွက်  ကုမ္ပဏီ ၁၁၄ ခုမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကုမ္ပဏီလုပ်ငန်းရှင်များ အနေ ဖြင့် ယခင်ရက်များက စိုးရိမ်ပူပန်မှုများရှိခဲ့သည်ကို မိမိတို့အနေဖြင့် နားလည်သဘော ပေါက်ပါကြောင်း၊ ယနေ့ မိမိတို့ ပြည်နယ်ကောင်စီအနေဖြင့် ယခင်အုပ်ချုပ်ရေးပုံစံ၊ ယခင် စီးပွားရေးမူအတိုင်း မပြောင်းလဲဘဲ ယခင်အစိုးရလုပ်ခဲ့သည့် လုပ်ငန်းများ အားလုံးကို တင်ဒါလုပ်ထုံးလုပ်နည်းနှင့်အညီ စာချုပ်ပါအတိုင်း တိတိကျကျ အမြန်ဆုံး ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒေသစီးပွားရေးနှင့် ကုန်စည်စီးဆင်းမှုကိုလည်း လုံးဝမရပ်ဆိုင်းဘဲ ပုံမှန်အတိုင်း ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယနေ့ တစ်ကမ္ဘာလုံးရင်ဆိုင်နေရသည့် ကိုဗစ် - ၁၉ ကပ်ရောဂါကိုလည်း ဆက်လက်ကာကွယ် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း၊ ဘာသာရေး လုပ်ငန်းများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ပြန်လည်ပြုလုပ်ခွင့် ပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့ ပြည်နယ်တွင် အခံစားရဆုံးဟုပြောနိုင်သည့် နေရပ်စွန့်ခွာ ပြည်သူ များကိုလည်း ၎င်းတို့၏နေရပ်သို့ ပြန်လည်အခြေချနေထိုင်ရေးကို အမြန်ဆုံး ဆောင်ရွက်သွားမည်ဟု ပြောလိုပါကြောင်း၊ မိမိတို့ တိုင်းပြည်၊ မိမိတို့ ပြည်နယ်သူ ပြည်နယ်သားများအတွက် လူမှုစီးပွား ဘဝဖွံ့ဖြိုးရေးအတွက် အားလုံးက ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ကုမ္ပဏီလုပ်ငန်းရှင်များအား နှုတ်ခွန်းဆက် စကားများ ပြောကြားကြပြီး ကုမ္ပဏီလုပ်ငန်းရှင်များက လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရမှု များနှင့် ပတ်သက်၍ တင်ဒါစည်းမျဉ်းစည်း ကမ်းများတွင် ဖြေလျှော့ပေးရန်ကိစ္စရပ်များ၊ လုပ်ငန်းပြီးစီးမှု အလိုက်ငွေထုတ်ယူရာတွင် ကြုံတွေ့ရသည့် နှောင့်နှေးကြန့်ကြာမှုများအပေါ် ဖြေရှင်းဆောင်ရွက် ပေးရေးတို့ကို တင်ပြကြရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးမှုများအပေါ် ပြည်နယ်ကောင်စီဥက္ကဋ္ဌ က ဖြေလျှော့ပေးရေး ကိစ္စရပ်များ အပေါ် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ဆက်လက်၍ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအပြီးတွင် ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်ထောင်စုဘဏ္ဍာ/ ပြည်နယ် ဘဏ္ဍာဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုမ္ပဏီလုပ်ငန်းရှင်များ၏ တင်ပြချက်အပေါ် တင်ဒါလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များအတိုင်း ဖြေလျှော့ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)