Skip to main content

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီအဖွဲ့ဝင်များနှင့် ခရိုင်ကောင်စီဥက္ကဋ္ဌများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီအဖွဲ့ဝင်များနှင့် ခရိုင်ကောင်စီဥက္ကဋ္ဌများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၇ နာရီခွဲတွင် တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အရှိန်အဟုန်မြှင့် ဆောင်ရွက်

ညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက တိုင်းဒေသကြီး အတွင်း တည်ငြိမ်အေးချမ်းရေး၊ တိုင်းဒေသကြီးအတွင်း လုပ်ငန်းများ ပုံမှန်လည်ပတ်ပြီး စီးပွားရေး ပြန်လည်ဦးမော့လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး၊ ကိုဗစ် -၁၉ ရောဂါ တိုးတက် ဖြစ်ပွားလာနိုင်သည်ကို မျှော်မှန်း၍ ကာကွယ်တားဆီးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ရေး၊ ၂၀၂၁ ခုနှစ် (၇၄)နှစ် မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို သိုက်သိုက်ဝန်းဝန်း ကျင်းပနိုင်ရေး အတွက် ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက လုပ်ငန်းကဏ္ဍအလိုက် ချက်ချင်းဆောင်ရွက်ရမည့် ကိစ္စရပ် များကို ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

တက်ရောက်

အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အမှတ် (၂) လုံခြုံရေးရဲကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံးမှ (ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ ခရိုင် ကောင်စီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)