နေပြည်တော် ဖေဖော်ဝါရီ ၁၀
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများသည် ရုံးအမှတ်(၂၇)မှ တက်ရောက်ခဲ့ကြပြီး ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ်များသည် သက်ဆိုင်ရာ ဒေသမှနေ၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက မိမိတို့ဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များသည် ပြည်သူကို ဝန်ဆောင်မှုပေးနေရသည့်လုပ်ငန်းဖြစ်သဖြင့် ဆက်လက်၍ တာဝန်ကျေပွန်အောင် ထမ်းဆောင်သွားရန် လိုအပ်ပါကြောင်း၊ ၎င်းအပြင် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးရသည့် လုပ်ငန်းဌာန ဖြစ်သည့်အတွက် ပြည်သူလူထုအပေါ် သစ္စာရှိရှိ၊ တာဝန်သိသိဖြင့် စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဆက်လက် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက် ကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့်ဆောင်ရွက်စဉ် အခက်အခဲများတွေ့ရှိပါကလည်း အချိန်နှင့် တစ်ပြေးညီ ပေးပို့တင်ပြသွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဌာနကြီးမှူးများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဆွေးနွေးမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်