Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တွေ့ဆုံ

နေပြည်တော  ဖေဖော်ဝါရီ  ၁၀ 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း  သည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအား နေပြည်တော်ရှိ ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမမှ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက Online မှ ပါဝင်တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၊ ပြည်သူနှင့် လုပ်ငန်းရှင်များ အကျိုးရှိ စေရေးအတွက် ဝန်ကြီးဌာနမှ ချမှတ်ထားသည့် မူဝါဒလုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် အပါအဝင် ညီနောင်အသင်းအဖွဲ့များမှ ယခုကဲ့သို့ တွေ့ဆုံရာတွင် ဟိုတယ် နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ယုံယုံကြည်ကြည်နှင့် ပြောဆိုတင်ပြပေးစေလိုပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဤဝန်ကြီးဌာနကို ဂရုတစိုက်အထူးအလေးထားပါကြောင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်အပါအဝင် ညီနောင်အသင်းအဖွဲ့များမှ ခရီးသွားပြပွဲများဆောင်ရွက်ခြင်း၊ ရန်ကုန်မြစ်တွင်း အပျော်စီး သင်္ဘောခရီးစဉ်ပြေးဆွဲခြင်း၊ ခရီးသွားမြှင့်တင်ရေးအတွက် Digital Marketing ဆိုင်ရာ တင်ဒါ ခေါ်ယူမှုများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးမှုများအတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦး၊ ယုံကြည်မှု၊ လေးစားမှုသည် အဓိကကျပါကြောင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ် အပါအဝင် ညီနောင် အသင်းအဖွဲ့များမှလည်း နားလည်မှုလွဲမှားသည့် အသင်းများရှိနေရင်လည်း ဖျောင်းဖျပြောဆို၍ ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်မှုများတွင် ပူးပေါင်းပါဝင်ပေးစေလိုပါကြောင်း  ပြောကြားသည်။

ထို့နောက် Online မှ တက်ရောက်လာကြသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အပါအဝင် ညီနောင်အသင်းအဖွဲ့များမှ ဥက္ကဌနှင့် အတွင်းရေးမှူးများက  ရေတိုကာလ၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်၊ အသင်းများမှ ဝင်ငွေနည်းပါးသည့် အဖွဲ့အစည်းနှင့် ဝန်ထမ်းများအား နိုင်ငံတော်မှ ထောက်ပံ့ပေးရေးနှင့် အတိုးမဲ့ချေးငွေ ရရှိနိုင်ရေးအတွက် အထောက်အကူပေးစေလိုမှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်လိုမှု၊ အသင်းရန်ပုံငွေ လိုအပ်မှု၊ ကျောက်မျက်ရတနာပြပွဲဆောင်ရွက်လိုမှု၊ ချေးငွေရရှိလိုမှုနှင့် အခွန်ထမ်းဆောင်မှု၊ ချေးငွေများနှင့် ပတ်သက်၍ ဘဏ်များနှင့် ညှိနှိုင်းပေးစေလိုသည့် အခြေအနေများအပါအဝင် လုပ်ငန်းဆောင်ရွက်မှုများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက  မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အပါအဝင် ညီနောင်အသင်းအဖွဲ့များမှ နားလည်မှု၊ ယုံကြည်မှုဖြင့် ဆွေးနွေးမှုအပေါ် များစွာကျေးဇူး တင်ရှိပါကြောင်း၊ လတ်တလောရေတိုကာလအတွင်း ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ စုစည်းတင်ပြပေးရန် ဖြစ်ပါကြောင်းနှင့် တင်ပြ ချက်များနှင့်စပ်လျဉ်း၍လည်း သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း တိုင်ပင်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

(သတင်းစဉ်)